ကိုဇင်

September 10, 2015

မောင့် ပုံပမာ

Filed under: Uncategorized — zinaung @ 1:01 am
တိတ် ဆိတ် တဲ့     သည် လမ်း လေး မှာ

တစ် ကိုယ် တည်း မို့ 

မောင်    အား မ ငယ် ပါ ဘူး……

လေ သဲ့ လို့     တ ရှပ် ရှပ် ပြေး သွား တဲ့

ရွှက် ခြောက် က လေး က လည်း    မောင် နှင့် အ တူ တူ ပါ ပဲ။

လှုပ် ခတ် တဲ့    သည် ကန် နံ ဘေး မှာ

ဖ ရို ဖ ရဲ ဖြစ် လို့ 

မောင်    စိတ် မ ပျက် ပါ ဘူး……..

တ လိပ် လိပ် တက် လာ တဲ့    လှိုင်း က လေး

ကမ်း ရိုက် မိ လို့     ဖွာ ခ နဲ လွင့် သွားတာ မောင့် လို ပါ ပဲ။

မှောင် မိုက် တဲ့    သည် နွေ ည မှာ

ဝိုး တ ၀ါး မို့ 

မောင်    မ တွေ ဝေ ပါ ဘူး……..

တိမ် ညို တွေ ဖုံး လို့     သာ လွန်း တဲ့ ငွေ လ

မ ၀င်း ပ နိုင် တာ လည်း    မောင့် ပုံ ပ မာ ပါ ပဲ။

သို့  ပေ မယ့်    

အ ဖေါ် ကွဲ တဲ့    ရွှက် ခြောက် က လေး က

အ ပင် မှာ မြဲ ခိုက်    စိမ်း ရွှက် ဘ ၀ မှာ

တ လွင် လွင် မြူး လို့     ပျော် မြူး ခဲ့ ရ တယ် လေ။

အ စိတ် စိတ် ကွဲ တဲ့    လှိုင်း ခေါင်း ဖြူ လေး က

တ ရိပ် ရိပ် ပြေး လို့     ကမ်း ဆီ ကူး ခိုက်

သာ ယာ ငြိမ့် ပြီး    ကြည် နူး ခဲ့ ရ တယ် လေ။

မိုး သား ဆိုင်း လို့     ရှောင် ပုန်း တဲ့ ငွေ လ က

မြူ တိမ် ကင်း ပ တဲ့    လ ပြည့် ည တွေ ဆို

ဟန် ၀ံ့ ချီ ၍    ၀င်း ပ ခဲ့ ရ တယ် လေ။

မ တူ တာ ၀ိုင်း လို့     ပေ တံ တွေ နဲ့  မ တိုင်း ခင်

မေ နှင့် အ တူ ရှိ ခိုက်    တ ဒ င်္ဂ အ ခိုက် မှာ ပဲ

ရင် မှာ ကြည် နူး လို့      ယစ် မူး နေ ပါ ရ စေ။                               

 ၂၉၊ ၅၊ ၂၀၁၂။

Advertisements

လျှပ်တပြက်ရိုက်ချက်

Filed under: အတိုအထွာ — zinaung @ 12:57 am

ကူညီမှုနှင့်ပျော်ရွှင်မှု့

Filed under: အက်ဆေး — zinaung @ 12:49 am

မန္တလေးကနေ မိထ္ထီလာကို ဆိုင်ကယ်နဲ့ တယောက်တည်း ပြန်လာတော့ ၀မ်းတွင်းနားရောက်ခါနီးမှာ ကောင်မလေးသုံးယောက်က လမ်းမှာ တားတယ်။ ဖြေးဖြေးပဲစီးလာပေမယ့် အနီးရောက်မှ သတိထားမိတာမို့ သူတို့သုံးယောက်ကို ကျော်ပြီးမှရပ်လိုက်မိတယ်။ အဲမှာ ခမောက်ဆောင်းပီး ပုဆိုးကြမ်းလေးပုခုံးပေါ်သိုင်းထားတဲ့ ကောင်မလေးက ပြေးလာတယ်။ ပြေးလာတယ်ဆိုပေမယ့် သူ့လက်ထဲမှာ ဆိုင်ကယ်ဦးထုပ်ထက်ကြီးတဲ့ ဖရဲသီးနဲ့မို့ ပြေးဟန်ပေါက်တယ်ဆိုရုံပါပဲ။

ဆိုင်ကယ်ဘီးပေါက်သွားလို့ လူကြုံလိုက်ချင်လို့ပါတဲ့။ ဒီလိုလမ်း၊ ဒီလိုနေရာမှာ ခန ခနလူကြုံတင်ဖူးတာမို့ ရပါတယ်။ တက်ပါဆိုဆိုပြီး ခေါ်လာတယ်။

ဆောင်းညနေမို့ အပူပိုင်းဒေသရဲ့နေနဲ့လေက သူတို့ရဲ့ ဇာတိရုပ်ကို ကွယ်ဝှက်ထားနိုင်တယ်။ တစ်စီးစ နှစ်စီးစ ကျော်တက်သွားတဲ့ ကားတွေ ဆိုင်ကယ်တွေ၊ တရိပ်ရိပ်နဲ့ ကျော်တက်လာမိတဲ့ ဇီးပင် ထနောင်းပင်တွေကို သတိထားမိပေမယ့် ကိုယ်နဲ့ တူတူပါလာတဲ့ ကောင်မလေးကိုတော့ သတိမထားမိခဲ့တာလား သတိမထားချင်ယောင်ပဲ ဆောင်ခဲ့တာလားတော့ ကိုယ် ကိုယ်တိုင်မဆန်းစစ်ခဲ့မိဖူး။

အကိုက ဘယ်ကိုသွားမှာလည်းမေးတော့မှ ဂရုတစိုက်နဲ့ မိထ္ထီလာသွားမှာ လို့ ဖြေမိတယ်။ အဲနောက်တော့ စကားသံလေးတွေ ဆက်ကာ ဆက်ကာကြားရလို့ သီချင်းနားထောင်နေတဲ့ နားကျပ်ကိုဖြုတ်လိုက်တယ်။ ညီမက ဖရဲခင်းမှာလုပ်နေတာလို့ ပြောတော့ နောက်ကိုလှည့်မကြည့်ပေမယ့် သူဖရဲသီးကို ငုံ့ကြည့်ပြီး ပြောနေတာ ဖြစ်မယ်လို့ တွေးမိတယ်။ မနက် ၆ နာရီကနေ ညနေ ၄ နာရီထိ လုပ်ရတယ်၊ တနေ့ကို ၂၅၀၀ ရတယ်အကို၊ ခုက အလုပ်သိမ်းလို့ ပြန်တဲ့အချိန် လမ်းမှာဆိုင်ကယ်ဘီးပေါက်လို့တဲ့။ အကိုပြန်ရင် ဒီဖရဲသီးယူသွားနော်ဆိုပြီး စကားစပြတ်သွားတယ်။

ကျနော်လည်း အော် ဆိုပြီး ဘာမှမပြောဖြစ်တော့ဘူး။ အတွေးကတော့ ခေါ်တဲ့နောက်လိုက်သွားမိတယ်။ အညာဒေသမှာဖြစ်တဲ့ မိထ္ထီလာ သဲတော ၀မ်းတွင်းကို ကျနော်သိတာပေါ့။ နွေဆို သဲမြေတွေက အပူတွေ တထောင်းထောင်းထနေတာ။ နွေနေ့လည်ခင်းတွေဆို တယောက်ပခုံးတယောက် သိုင်းမဖက်ရဲနိုင်အောင် အကျီအပေါ်ကျနေတဲ့ နေရောင်က ပြင်းထန်တယ်။ အို လေတွေများ သနပ်ခါးသာလူးမထားရင် မျက်နှာကို ခပ်နွေးနွေးရေနွေးနဲ့ ပက်လိုက်သလို ပူခနဲဖြစ်သွားတာ။ ဖလန်ထည်လို အကျီလက်ရှည်အပေါ်မှာ ပုဆိုးကို ထပ်ပြီးခြုံထားတာ၊ သနပ်ခါးထူထူလိမ်းတာ၊ ခမောက်ဆိုတာတွေဟာ ဒီလွင်ပြင်ကျယ်ကြီးထဲက ချပ်ဝတ်တန်ဆာတွေပါပဲ။

သူတို့ ဘာအလုပ်တွေလုပ်ရသလည်း ဆက်မတွေးမိခင်မှာပဲ ကိုယ့်အလုပ်ကို ပြန်တွေးမိတယ်။ ကိုယ့်လစာက နည်းတယ်လို့ ထင်ခဲ့တာ ဟုတ်ရဲ့လားလို့ မေးမိတယ်။ ကိုယ့်အလုပ်က ပင်ပန်းရဲ့လား ကိုယ်ဘာကို မကျေမနပ် ဖြစ်နေတာလည်းဆိုတာတွေက အတွေးတွေထဲ တန်းစီပြီး ၀င်လာတယ်။
စိတ်ထဲကနေ သူ့ကိုလည်း မေးမိတယ်။ လောက်ငှရဲ့လား၊ ဘယ်လိုချက်စားလည်း။ ဘယ်လိုသုံးလည်းဆိုပြီး။

နှုတ်ဆိတ်နေပေမယ့် ကျနော့် အတွေးတွေ အတွေးတွေက ယောက်ယက်တွေ ခတ်နေတယ်။ တလ နှစ်သိန်းကနေ ဆယ်သိန်းဖြစ်သွားတဲ့ သူတွေရော လောက်ကြရဲ့လား။ သူတို့အလုပ်ကရော ဘယ်လိုနေရာမျိုးတွေမှာ ဘယ်လောက်ပင်ပင်ပန်းပန်း လုပ်ကြလည်းပေါ့။

ရွှာနားကို ကပ်လာတဲ့အချိန် အကိုရှေ့က ဆိုင်လေးနားမှာရပ်ပေးနော် ဆိုမှပဲ ကျနော့်အတွေးတွေ ပြတ်သွားတယ်။ ဆိုင်ကပ်ရပ်ပေးတဲ့အချိန် ဖရဲသီးပေးတယ်။ မယူချင်ဘူးလည်း ပြောမထွက်တာနဲ့ ပြန်ဝယ်ပါ့မယ်ပြောလည်းမရဘူး။ အတင်းထည့်ပေးတာနဲ့ ရှေ့က အကျီထုပ်ပေါ်တင်ပြီး ကျန်တဲ့ ခရီးကို ဆက်လာခဲ့တယ်။
ဆိုင်ကယ်ပေါ်မှာလည်း ဖရဲသီးကို လိုတာထက်ပိုဂရုစိုက်မိတယ်။ အားနာလို့လား၊ မကောင်းတတ်လို့လား၊ စေတနာနဲ့လား မသိပေမယ့် ကိုယ်တိုင်ကျေနပ်နေမိတယ်။

လူတွေ လူတွေနဲ့ လောကကြီး…………

တချို့လူတွေနဲ့ ဆုံတဲ့အချိန်မှာ အင်အားကြီးမှ လောကကြီးမှာ ရပ်တည်နိုင်မယ် ထင်ခဲ့တယ်။ တချို့လူတွေနဲ့က မေတ္တာတရားသာ လောကကြီးမှာ အင်အားအကြီးဆုံးဆိုတာ ပြောပြသွားတယ်။

တချို့လူတွေက သူတို့နဲ့ လောကကြီးကို အတင်းအလှဆင်ကြတယ်။ တချို့လူတွေက သူတို့ရှိနေတာနဲ့တင် လောကကြီးက လှပနေတယ်။

တခြားလူတွေအကြောင်းတွေ မပြောချင်ပါဘူး။ လူဆိုတာ သူ့ကုသိုလ်နဲ့ သူပဲမဟုတ်လား။ မွေးလာကတည်းက အခွင့်အရေးချင်း တူမှ မတူပဲလေ။
ပြန်တဲ့ခရီးတလျှောက် ဖရဲသီးရင်ဝယ်ပိုက်ပြီး ကတ္တရာလမ်းပေါ် တရိပ်ရိပ်ပြေးနေတဲ့ ဆိုင်ကယ်၊ ကျန်ခဲ့တဲ့ ဆူးပင်ပုပုကလေးတွေ၊ ကျော်တက်သွားတဲ့ ကားတွေနဲ့အတူ ထန်းပင် ထိပ်ဖျားမှာ မေးတင်ထားတဲ့ နီကြန့်နေတဲ့နေလုံးကို မျက်နှာမူပြီးမိထ္ထီလာနားကို ကပ်လာခဲ့တယ်။

တကယ့်ပျော်ရွှင်မှု့ဆိုတာ ကိုယ်ပြုလိုက်တဲ့ ကောင်းမှု့တခုကို တခြားလူတစ်ဦးက ရှာဖွေတွေ့ရှိသွားခြင်းပါပဲ တဲ့။ ကျနော်ကတော့ ကိုယ့်ကောင်းမှု့တွေ ပြောပြလေ့ မရှိပေမယ့် ကိုယ့်အပေါ် ကောင်းမှု့ပြုဖူးသူတွေကိုတော့ တခုတ်တရ စိတ်ထဲထားတတ်တယ်။ ကြုံရင်လည်း ပြန်ဖေါက်သည်ချတတ်ပါတယ်။

ကျနော့်ဆရာ

Filed under: အက်ဆေး — zinaung @ 12:47 am

ရာထူးနဲ့ အလုပ်နဲ့ ပက်သက်ပြီး ဖြစ်နေတာတွေမြင်တော့ မနေနိုင်ဘူး။
အစကတော့ ဒီကစတာပေါ့။
ကျောင်းသား ဘဝမှာ စာ နားလည်ဖို့ထက် ဆရာတွေ ချစ်အောင်နေတတ်ရတယ်။
မိဘတွေကလည်း ဆရာတွေ ရေးခြစ်ပေးတဲ့ ရီပို့ကဒ်ကိုပဲ ကြည့်တယ်။
ဆရာတွေကလည်း အတန်းပိုင် ကျုရှင်ပြလို့ကောင်းတဲ့ ဘာသာရပ် လိုချင်တယ်။

နောက် အလုပ်ထဲရောက်တော့ အထက်ကလူ သဘောကျအောင် ကြိုးစားရတယ်။
လာဘ်ရတဲ့ လုပ်ပိုင်ခွင့်ရှိတဲ့ နေရာမျိုးရအောင် ကူညီနိုင်တဲ့သူကို ကပ်ရတယ်။
အခွင့် အာဏာရှိသူဆိုတာ အမျက်တော်ရှရင် မဲဇာတောင်ခြေရတုနဲ့တောင် ပြေခက်သူမို့ ဘုရားကို ထူးတတ်မှ။

နောက်ဆုံးမှာတော့ ကိုယ်လည်း နေရာကျပြီဆို သားသမီးနဲ့ ဆွေမျိုးတွေ ဟန်ကျဖို့ ဟိုလူ့ ဆက်သွယ်ရ။
ဒီလူ့ အကူညီတောင်းရ ခြောက်တဲ့အခါလည်း ခြောက်ရ။
အပြန်အလှန် ကြည့်ရှု့စောက်ရှောက်ရပေါ့။

ဒီလို အဆင်ပြေသလိုနေလာကြတော့ မြန်မာနိုင်ငံမှာ အလုပ်ထက် အာဏာနဲ့ ငွေရပေါက်ရှိတဲ့ နေရာရမှဆိုတာ အစဉ်အလာတစ်ခု ဖြစ်လာရော။
လက်ရှိ ရနေတဲ့သူတွေက ပိုရလာအောင် မရသေးတဲ့ သူတွေက မြန်မြန်ရလာအောင် ကြီးစွာသော မျှော်လင့်ချက်နဲ့ ကြိုးစားအားထုတ်ပြုကြတယ်။
သိက္ခာနဲ့ပညာကိုတန်ဖိုးထား အလုပ်ကိုပဲ အလေးထားတဲ့ အနည်းငယ်မျှသော သူတွေဟာ ပြောင်ပြောင်ရောင်ရောင်မရှိ တချို့ဆို ချို့တဲ့ရင်နာစရာ အထီးကျန်ဘဝမျိုးနဲ့ ဇာတ်သိမ်းကြရှာတယ်။

အရင်းစစ်ပြီး အနှစ်ချုပ်တော့ လူတွေဟာ ကိုယ့်ပညာ ကိုယ့်အလုပ် ကိုယ်ဘာလည်းဆိုတာ မသိတော့ပဲ ကိုယ့်အထက်က အာဏာရှိသူ ဘယ်သူလည်းဆိုတာပဲ ကြည့်တော့တယ်။
ဒါတွေဟာ သူ့ စိတ်မညိုအောင် သဘောကျအောင် သူတီးတဲ့အတိုင်း ကပြဖို့ပဲ စိတ်မှာရည်သန် နေတော့တယ့် ကိုယ့်စိတ်အခံကြောင့်ပါ။
အထက်အာဏာပိုင်ပုဂ္ဂိုလ်ရဲ့ ဆန္ဒတွေ တာဝန်တွေကို ဖြည့်ဆည်းရင်း ဥပဒေ မူလတာဝန်တွေနဲ့ ကျွမ်းကျင်ပိုင်နိုင်မှု့ ဆိုတာတွေဟာ ဖရိုဖရဲနဲ့ လျှော့ပါးဆုံးရှုံးကုန်တယ်။

ကျနော် လေးစားရသူတယောက် အကြောင်း ပြောပြဦးမယ်။ ကိုယ့်ကိုကိုယ်ထက် အလုပ်နဲ့ ပညာကို တန်ဖိုးထားပြီး အယုတ်အလတ် အမြတ်မရွှေး တန်းတူ စေတနာထား လုပ်တဲ့သူမို့ ပညာပြည့်ဝတဲ့ သူလို့ ကျနော် ယုံကြည်တဲ့သူပေါ့။

ကျနော် Moscow Aviation Institute မှာ မဟာဘွဲ့အတွက် ကျမ်းကြီးကြပ်သူနဲ့ ပထမဆုံးတွေ့တဲ့နေ့မှာ သူက “မင်းခေါင်းစဉ်က (ဘီရာယာ့ဒ်နော့/ вероятность) နဲ့ပက်သက်တာပဲ နောက်တပါတ်လာရင် စာတွေရှာလာခဲ့” ပြောတော့ ကျနော် မျက်နှာငယ်လေးနဲ့ ကြောင်ကြည့်မိတယ်။ သူပြောတဲ့ (ဘီရာယာ့ဒ်နော့/ вероятность) ဆိုတာ ဘာမှန်းမသိဘူး။ သွားပြီပေါ့။ First Impression ကျပြီး ကျနော် နုံဖျင်းတဲ့ကျောင်းသားဆိုတာ သူသိသွားပြီ။ ကျနော့်ရှေ့ ဘယ်လိုမှ အဆင်မပြေတော့ဘူး ဆိုပြီး ပူပန်မိတယ် ရှက်မိတယ်။ အဲအချိန် အကြွေစေ့ ပါလားမေးတယ်။ ကျနော် ရူဘယ်အကြွေစေ့တစ်စေ့ထုတ်ပေးတော့ သူက အကြွေ့စေ့ကို လေထဲမြှောက်လိုက်ချိန် ကျနော့်ပါးစပ် probability လို့ထွက်သွားတော့ သူက ပြုံးပြီး ငါတော့ အင်္ဂလိပ်လို မတတ်ဘူး ရုရှားဘာသာနဲ့ ရှာလာခဲ့လို့ မှာလိုက်တယ်။

ယူရီ ဘာရီဆတ် ကူလီးဖတ် ဆိုတဲ့သူက
ဧည့်ပါမောက္ခ
အချိန်တိကျတယ်။
စာသင်ချိန် ဖုန်းမပြောဘူး။
သူ့ဘာသာရပ် မဟုတ်ရင် သူမကျွမ်းကျင်ဘူး ပြောပြီး ဆိုင်ရာ ဆရာဆီ လမ်းညွှန်တဲ့သူ။
နုံချာတဲ့ တပည့်မြန်မာယောက်ကို စာပြနေတုန်း အငယ်တန်းက ရုရှားတွေ စကားသံဆူရင် ခုံကို လက်နဲ့ပုတ်ပီး မာစတာကျောင်းသားကို သင်နေတာ တိတ်ကြစမ်းလို့ ဟောက်တတ်သူ။
အော်ဟစ်မတတ် ပြန်ငြင်းနေတဲ့ တပည့်ကိုလည်း စိတ်ရှည်လက်ရှည် ရှင်းပြတတ်သူ။
ဆိုဗီယက်ခေတ်မှာ ကတည်းက ယူစရာဘွဲ့မကျန်တော့ဘူး။
အသက်က ၇၀ ကျော်။
နာနေတဲ့ခါးကို လက်နဲ့ထောက် ကီးဘုတ်ကို လက်ညိုး တစ်ချောင်းပဲသုံးပြီး နုံချာလွန်းတဲ့ တပည့်ကို ကူညီရင်း သူ့နာမည်ကိုပါ ကာကွယ်သွားခဲ့တယ်။
သူမပါတဲ့ Final Defense မှာ မေးခွန်း ၂ ခုပဲမေးပြီး ပေးလိုက်တဲ့ Excellent က ကျနော့်ကိုမဟုတ်ပဲ သူ့ကိုပေးတာသာ ဖြစ်ပါတယ်။

သူဟာ 1984 မှာ Doctor of Technical Sciences ရပြီး 1996 မှာတော့ ရုရှားနိုင်ငံရဲ့ Honored Scientist ရခဲ့ပြီး ရုရှား လေတပ်က Major General အငြိမ်းစား တစ်ယောက် ဖြစ်ပါတယ်။

Кулифеев Юрий Борисович г.р. 1938, генерал-майор авиации

Кулифеев
Юрий Борисович
г.р. 1938, генерал-майор авиации

ဘယ်လိုမိန်းမမျိုး ယူသင့်လည်း

Filed under: အတိုအထွာ — zinaung @ 12:36 am
ချောမောတဲ့ မိန်းမျိုးရှောင်ပါ
သူမဟာ အရင်တချိန်က ဒါမှမဟုတ်နောင်တချိန်မှာ သူများမိန်းမဖြစ်သွားနိုင်တယ်
 
ဂုဏ်သတင်းကြီးတဲ့ မိန်းမမျိုးရှောင်ပါ
ဖိတ်စာတိုင်း ဒေါ်ဘယ်သူနဲ့ ခင်ပွန်းဖြစ်သွားနိုင်တယ်
 
ချမ်းသာတဲ့ မိန်းမမျိုးရှောင်ပါ
သင်ထီပေါက်တဲ့အခါတောင် သူဌေးဖြစ်ခွင့်မရှိနိုင်ပါဘူး
 
မိဘ ရာထူးကြီး သြဇာကြီးတဲ့ မိန်းမမျိုးရှောင်ပါ
သင်ဟာ မကြီးမငယ်နဲ့ ကလေးပြန်ဖြစ်သွားပါမယ်
 
အလုပ်ကိုဦးစားပေးတဲ့ မိန်းမမျိုးရှောင်ပါ
သင့်အိမ်ဟာ အမြဲတမ်း ခြောက်ကပ်နေပါလိမ့်မယ်
 
ကိုယ့်အားကိုယ်ကိုးတယ်ဆိုတဲ့ မိန်းမမျိုးရှောင်ပါ
သင့်ကိုအချိန်မရွှေး စွန့်ပစ်သွားနိုင်တယ်
ပုံ/ FA (Forever Alone)

မညီမျှတဲ့ ဘဝတွေ

Filed under: အက်ဆေး — zinaung @ 12:03 am
Tags:

ဘိုဖြူနဲ့ မိကိုး ခွေးနှစ်ကောင် အဆောင်မှာရှိတယ်။ သူတို့ကို အားလုံးက ကရုတစိုက် အစာကျွေးကြတယ်။ နေ့ခင်းဆို အဆောင်အ၀င်ပေါက်နဲ့ ကော်ရစ်ဒါတွေမှာ လမ်းသလားပြီး လူတိုင်းရဲ့ ပွေ့ဖက် နှုတ်ဆက်ခြင်းကို ခံယူတယ်။ ရေချိုးပေးတဲ့သူ ရှိတယ်။ အနာဖြစ်ရင် ဆေးထည့်ပေးတယ်။ အေးတဲ့ညတွေဆို အခန်းထဲ ခေါ်သိပ်ကြတယ်။

သူတို့နဲ့ အမျိုးတူ ဘာမှ ခြားနားမှုမရှိတဲ့ ခွေးတကောင်လည်း အဆောင်မှာ ရှိသေးတယ်။ သူ့မှာတော့ နာမည်မရှိဘူး။ အစာကျွေးမယ့်သူလည်း မရှိဘူး။ ကရုစိုက်ဖို့ ဝေးရော ဖက်လှဲတကင်းလုပ်မယ့် လူတောင် မရှိဘူး။ သူ့ဘာသာပဲ ရှာကြံစားသောက်တယ်။

ဒါကြောင့် အစာရှာနေတဲ့အခါ အဆောင်ပတ်ဝန်းကျင်က မြက်ခင်းတွေ ခပ်လှမ်းလှမ်းက အမှိုက်ပုံတွေနားမှာ တွေ့ရပြီး နေ့ခင်းဘက်တွေဆို သူဟာ အစွန်ဘက် လူသွားလူလာမရှိတဲ့ လှေခါးထစ်နားမှာပဲ ခွေနေတတ်တယ်။

အဆောင်က လူတွေအားလုံးကို သူက တုန်နေအောင် ကြောက်ရှာတယ်။ ဒီလူတွေက သူ့ကို ထုရိုက်မယ့်သူတွေလို့ပဲ အမြဲထင်မှတ်နေတယ်။ ဒါကြောင့်လည်း သူ့ရှိရာ တူရှုပြီဆိုတာနဲ့ လှည့်ပြေးတော့တာပဲ။ ကလေးတွေရလာတော့ သူ့ဘာသာသူ နို့တိုက်တယ်။ သူ့ဘာသာပဲ မွေးမြူထိန်းသိမ်းတယ်။ နို့ပြတ်သွားတဲ့ ကလေးတွေကို တချို့က တခြားတနေရာ ယူသွားကြတယ်။ အဆောင်မှာကျန်တဲ့ ကလေးတွေကို အဆောင်လူတွေက တယုတယ ကျွေးမွေး အခန်းရှေ့မှာ ထိန်းသိမ်းကြတယ်။
တခါတလေ သူဟာ အဆောင်ပေါ်ခိုးတက်လာပြီး ကျန်နေတဲ့ ကလေးနှစ်ကောင်ကို လာတွေ့တတ်တယ်။ လူရိပ်မြင်ရင် တခါတည်း ဆင်းပြေးတော့တာပဲ။

မိုးချုပ်ပြီဆိုရင်တော့ သူ့ကို အဆောင် ဆင်ဝင်အောက်မှာ အမြဲတွေ့ရတယ်။ ခပ်လှမ်းလှမ်းက လူစိမ်း မြင်ရင် ဟောင်တယ်။ လူစိမ်းသက်သက် ညအချိန်ဆို သူဟာ ကိုက်ဖို့ ဆွဲဖို့ ၀န်မလေးဘူး။ လူ အ၀င်အထွက် မရှိလောက်တဲ့ အချိန်ဆို သူဟာ အဆောင်ရဲ့ အလယ်က လှေခါးထစ်ကို ရွှေ့ပြီး နေရာယူတယ်။ သူ့ကို မဖြစ်မနေ ဖြတ်မှ အဆောင်ပေါ်ကို တက်လို့ရမယ့် အခြေနေမျိုးပေါ့။

အဆောင်ကလူတယောက် မိုးချုပ်မှရောက်လာပြီး အဆောင်ပေါ်တက်တော့မယ်ဆို သူဟာ ထိုင်နေရာက ထွက်ပြေးတယ်။ အဲဒီလူ အခန်းတံခါးပိတ်တာနဲ့ သူဟာ မူလ ယူထားတဲ့နေရာမှာ ပြန်ထိုင်တယ်။

တခါတလေ မိုးချုပ်ပေမယ့် အ၀င်အထွက်များတုန်းဆို သူကလည်း ထိုင်လိုက် အဆောင်ကလူ ၀င်လာရင် ထပြေးလိုက် နောက် ပြန်ထိုင်လိုက်နဲ့ ဖြစ်နေတတ်တယ်။ ဒါမျိုးဟာ ညဦးပိုင်းကနေ တခါတလေ မနက် မိုးအလင်းထိပဲ။ မိုးလင်းပြီဆိုတာနဲ့ သူအဲဒီနေရာမှာ မရှိတော့ဘူး။

အဆောင်က သူ့ကို ကျောတခင်းစာ နေရာတစ်ခု ပေးထားတယ်။ ဒီက လွှင့်တဲ့ အမှိုက် စာကြွင်းစားကျန်တွေကို သူစားသောက်တယ်။ ဒါကြောင့် သူဟာ အဆောင်က လူတွေအားလုံးကို မှတ်သားထားပြီး သခင်နဲ့ ကျွန်ပမာ ကြောက်ရွံ့တယ်။ နောက် ဘယ်သူမှ စေခိုင်းခြင်းမရှိပဲ ဒီအဆောင်ကို စောက်ရှောက်တယ်။

အအေးဒါဏ် အပူဒါဏ် မိုးကျပါစေ နှင်းစဲပါစေ သူ့တာဝန်ကို မပျက်ကွက်ဘူး။ တညလုံး ထားရှိတဲ့ သူ့ရဲ့ ၀ီရိယနဲ့ ညစဉ်တိုင်း မပျက်တဲ့ သူ့ရဲ့ဇွဲတွေအတွက် တစ်စုံတရာ မျှော်လင့်မှုလည်းမရှိဘူး။ သူ့ရဲ့ ရိုကျိုးမှု အနစ်နာခံမှု ချို့တဲ့မှုတွေကိုလည်း ဖေါ်ထုတ် မပြဘူး။ မညီမျှမှု အပယ်ခံ လျှစ်လျှုရူခံရလို့လည်း သူ စိတ်အားမငယ်သွားဘူး။ သူဟာ ဘိုဖြူနဲ့ မိကိုးကို မနာလိုခြင်း ကဲ့ရဲ့ အပြစ်တင်ခြင်း ငြူစူစောင်းမြောင်းခြင်း အလျှင်းမရှိဘူး။ မျှတမှုမရှိတဲ့ လောကကြီးအပေါ်လည်း အပြစ်မတင်ဘူး။

သူဟာ ရရှိလာတဲ့ ဘ၀ကိုပဲ တန်ဖိုးထားပြီး အကောင်းဆုံး ကြိုးစား နေထိုင်နေတယ်။
ကမ္ဘာကြီးရဲ့ နေရာတိုင်း မိသားစုတိုင်း အဖွဲ့အစည်းအတိုင်းမှာလည်း သူ့လို ဘ၀တွေ ဘယ်လောက်များများ ရှိနေဦးမလည်းဆိုတာ တွေးမိရင် မောသွားတာပဲ။

လက်ကလေး

Filed under: ကဗျာ — zinaung @ 12:00 am

လက်သည်းမရှည် ဆေးရောင်မပါပေမယ့်
ပျော့ပျောင်းပြီး အရစ်ကလေးတွေရှိတယ်။

မျက်စိကို မှတ်လိုက်ပါ
နှာခေါင်းကို ဆွဲခဲ့တာလေး ပြန်အမှတ်ရမယ်

ဇွန်းလေးကို ကိုင်လိုက်ပါ
ပါးစပ်ဟဆိုတဲ့ အသံလေး ပြန်ကြားရမယ်

ပြက္ခဒိန်ကို လှန်လိုက်ပါ
ချိုးရေခဲ့တဲ့ လက်ချောင်းလေးတွေမြင်ယောင်ရမယ်

အကျီကို ၀တ်လိုက်ပါ
ကျယ်သီးတပ်ပေးဖူးတဲ့ လက်ကလေးပေါ်လာမယ်

မှန်ရှေ့ ရပ်လိုက်ပါ
ဘီးကိုင်ထားတဲ့ လက်ကလေးရောက်လာမယ်

မျက်နှာကို ပွတ်လိုက်ပါ
နှုတ်ခမ်းမွှေးစစ်ဆေးမယ့် လက်ကလေးရဲ့အထိအတွေ့ပြန်ရမယ်

ဆိုင်ကယ်ကို နိုးလိုက်ပါ
ခါးကိုလာဖက်တဲ့ လက်ကလေး သတိရလိမ့်မယ်

မျက်နှာ ညိုနေလား
ခါးကိုလာထိုးပြီး ရယ်အောင်လုပ်မယ့်လက်ကလေး ရောက်လာမယ်

ဆက်တွေးပြီး ငိုမလို့လား
မျက်ရည်သုတ်ပေးမယ့် လက်ကလေး မရှိတော့ဘူးလေ

March 14, 2012

သမုဒယ ရေအလျှင် နှင့် မေတ္တာ သောင်ကမ်း ( ၂ ) ဇာတ်သိမ်း

Filed under: Uncategorized — zinaung @ 4:29 pm

( ၅ )

 

သန့် ဇင်သည် ပူအိုက်လွန်းသဖြင့် အိပ်ရာမှ လူးလဲထကာ ကော်ရစ်ဒါ ဘောင်ကိုမှီကာ ငေးမောနေမိသည်။ အခန်းသည် လေအေးပေးစက်မရှိ၊ တပ်ဆင်ထားသော ပန်ကာမှာလည်း တကျွီကျွီနှင့် အသံသာ ထွက်သည်။ အေးမျှမှု့ ကား မရှိပေ။ လေ၀င်စေရန် ပြတင်းတံခါးများလည်း မဖွင့်ချင်။ ခြင်များဝင်လာပါက ဤအခန်းကျဉ်းထဲတွင် သွေးလှုပွဲ ၀င်သွားရနိုင်သည်။ သည်တစ်ပါတ် နွေးနွေးနှင့် အပြင်သွားလျှင် ပန်ကာတစ်လုံး ၀ယ်လျှင်ကောင်းမည်လားဟု စဉ်းစားနေခိုက်တွင် တယ်လီဖုန်းက မြည်လာသည်။

  • ဟဲလို ကျွန်တော် သန့် ဇင်ပါ။
  • ကိုကြီး….ညီမ နီနီဝင်းလေ..မှတ်မိသေးလား။
  • မှတ်မိတာပေါ့ကွ။ မနေ့ ညကမှ ဆုံတာကို အကို့ များ မှတ်ဥာဏ်မကောင်းဘူး ထင်နေလား။
  • သြော် သြော် မှတ်မိမှာပေါ့နော်။ အကြွေး ရစရာရှိတာကိုး ဟုတ်ဖူးလား
  • အဲလိုလည်း မဟုတ်ရပါဘူး ညီမရဲ့။ အဆင်ပြေသွားတယ် မဟုတ်လား။ မနေ့ ညက။ နောက်ဆို ပိုက်ဆံအိတ်တွေ ဘာတွေ သတိထားနော်။ ရန်ကုန်မှာက သိတဲ့အတိုင်းပဲ။
  • ဟုတ်ကဲ့ပါရှင်။ အားလုံး အဆင်ပြေပါတယ်။ အကြွေးလာ မပေးသေးတာကလည်း အိမ်က မှာထားတုန်း မရောက်သေးလို့ ပါရှင့်။ ရောက်တာနဲ့  ကိုကြီးဆီ အရင်ဆုံး လာပေးပါ့မယ်။ ကျေးဇူးရှင်ဆို ကျေးဇူး ဆပ်ရမှာပေါ့နော်။ ကိုကြီး ဘာစားချင်လည်း လိုက်ကျွေးပါ့မယ်။
  • နေပါစေဗျာ။ ရပါတယ်။ အေးအေး ဆေးဆေးမှ ပေးပါ။ ပိုက်ဆံကလည်း များတာမှ မဟုတ်ပဲ။
  • မများလို့ သာ တော်တော့တယ်နော်။ ၇၀၀၀ လို့ ပြောလိုက်တော့ မျက်မှောင်ကြီး ကျုံ့ သွားတာ နီနီ မြင်လိုက်ပါတယ်နော့် ဟုပြောကာ နီနီဝင်းသည် တခစ်ခစ် ရယ်လေသည်။

နီနီးဝင်း၏ ရယ်မောသံသည် တောင်ကြားများ ကြားထဲ အရှိန်ဟုန်နှင့် စီးဆင်းနေသော စမ်းချောင်းလေးများထဲမှ ရေကျသံကဲ့သို့ ပင် သူ၏ နှလုံးအိမ်ထဲတွင် စွဲကျန်ရစ်နေသည်။

သူငယ်ချင်း ဖုန်းနှင့်မို့  တစ်ခဏသာ ပြောပြီး ဖုန်းချသွားသည်။ သောကြာ ညမို့ သန့် ဇင်သည်လည်း ညည့်နက်ထိ စာဖတ်ပြီးမှ အိပ်ရာ ၀င်ဖြစ်လေသည်။

 

ဒေါက် ဒေါက် ဒေါက်…. ဒေါက် ဒေါက်

  • ကိုကြီး ရှိလား။ ကိုကြီး။ လူ ရှိလား။

သန့် ဇင်သည် အသံကြားသဖြင့် အိပ်ရာမှ လူးလဲကာ ထလိုက်သည်။ နာရီကြည့်လိုက်တော့ နံနက် ၁၀ နာရီရှိပြီ။ စွပ်ကျယ်အပေါ်မှ ရှပ်အကျီတစ်ထည် ၀တ်လိုက်ပြီး တံခါးဖွင့်လိုက်သည်။

 

နီနီ။ သည်နေ့တွင် နီနီသည် အကျီနီနီ နှင့်ဖြစ်သည်။ ဖြူဝင်းသော အသားရေနှင့် တီရှပ်အနီသည် အလှကို ထင်းခနဲ ဖြစ်စေသည်။ နားတွင် တပ်ဆင်ထားသော နားကွင်းကြီးများနှင့် ခေတ်မှီလှသော ဆံပင်ပုံစံသည် ချစ်စဖွယ်ကောင်းသော အလှကို ပံ့ပိုးနေသယောင်။

  • ဘာကြည့်နေတာလည်း လူကို ဒီတစ်ခါလည်း မထိုင်ခိုင်းတော့ဘူးလား။
  • မဟုတ်ပါဘူး ညီမရဲ့။ ရုတ်တရတ် အံသြသွားလို့ ပါ။ မနေ့ ညကမှ ဖုန်းဆက်ထားတာဆိုတော့ ဒီနေ့ တော့ မလာလောက်ဘူး ထင်တာလေ။
  • အင်းပေါ့ အမှန်ဆိုရင်တော့ မလာပါဘူး။ ဒါပေမယ့် စိတ်က ကိုကြီးကို တွေ့ ချင်နေလို့  သူငယ်ချင်းတစ်ယောက်ဆီက ပိုက်ဆံချေးပြီး လာတာ သိပြီလား။

နီနီသည် ပြောပြောဆိုဆိုဖြင့် သူ့ အားတွန်းကာ အခန်းတွင်းသို့  ၀င်လေသည်။ ပျံ့ ကျဲနေသော ဆေးလိပ်ပြာခွက် ရေနွေးခွက်တို့ အား ကျော်ခွကာ စာကြည့်စားပွဲတွင် ၀င်ထိုင်ပြီး သူ့ ဘက်သို့ လှည့်ကာ။

  • ကြည့်ပါဦး ကိုကြီးက လူကသာ သန့် သန့် ပြန့် ပြန့်  အခန်းကြီးကလည်း ရှုပ်ပွနေတာပဲ။
  • နီနီ လာမှာမို့  သေချာ ဖွထားတာ။ ရှင်းပေးသွားပေါ့။
  • ကဲကဲ ဒါဆိုလည်း နီနီ ရှင်းပေးထားမယ်။ ကိုကြီးလုပ်စရာ ရှိတာလုပ်။ နေ့ လည်စာ နီနီ မုန့်  လိုက်ကျွေးမယ်။ အားတယ် မဟုတ်လား အခု။
  • အင်း အင်း အားပါတယ်။ ညီမလေး…အခန်း မရှင်းနဲ့ နော် အကိုက စတာ။ အကိုက အမြဲဒီလိုပဲ။

သန့်ဇင်သည် ရေချိုး အ၀တ်စားလဲပြီး ရေချိုးခန်းမှ ထွက်လာသောအခါ နီနီသည် အိပ်ရာများသိမ်း၊ တံမြက်စည်းလှဲပြီး စာအုပ်များကို သေချာစွာ စီထားပြီး ဖြစ်နေသည်။ သန့် ဇင်သည် ခေါင်းကို ရေစင်အောင် သေချာသုတ်ပြီး အုန်းဆီလိမ်းနေခိုက် သူမသည် စားပွဲပေါ်မှ ဘီးကိုယူကာ သူမစိတ်ကြိုက်ပုံစံ ဖြစ်အောင် ဖီးပေးလေသည်။ သန့်ဇင်၏ အရပ်က မြင့်သောကြောင့် မမှီမကမ်း ခြေဖျားထောက်နေရသောအခါ နီနီက ခုတင်ပေါ်တွင်ဝင်ထိုင်လိုက်ပြီး ဘီးကို ထောင်ပြီး ဖီးသည့်ပုံစံလုပ်ပြသည်။ သန့်ဇင်လည်း ယောင်န နဖြစ်ကာသူမ၏ရှေ့ သင်ဖျုးဖျာပေါ်တွင် ဒူးထောက်လိုက်ရသည်။ သန့်ဇင်၏ မေးဖျားလေးကို မကာ မှုက်မှောင်လေးကုတ်လိုက် ဘီးတရမ်းရမ်းနှင့် စဉ်းစားလိုက်နှင့် သူမကျေနပ်သည် အထိ ဆံပင်ကို ပုံစံကျအောင် ဖီးပေးလေသည်။ သန့် ဇင်သည် ခုတင်အစွန်းကို လက်နှင့်ထောက်ထားချိန် ပူးကပ်လုနီးနီး ဖြစ်နေသော ခန္ဓာနှစ်ခုကို သတိမူပြီး စိတ်ထဲတွင် ရှိန်းတိမ်း ဖိန်းတိန်းဖြစ်နေသည်။ သူသည် သတိဝင်လာပြီး

  • ရပြီ ညီမလေးရဲ့ အကိုက ချောပြီးသား ဟု အသောဖေါက်လိုက်မှပင် ပြီးတော့သည်။

နီနီဝင်းသည် သန့် ဇင်အား လှည်းတန်းတွင် ကြေးအိုး တိုက်သည်။ ထို့ နောက် ရှစ်မိုင်တွင် သူမ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် ကြည့်ရှု့ဝယ်ခြမ်းသည်နောက် တကောက်ကောက် လိုက်ခိုင်းတော့သည်။ သူမသည် ၀တ်စားဆင်ယင်ရာတွင် ခေတ်မှီသည်သာ မဟုတ်ချေ၊ စနစ်ကျလွန်းသူလည်း ဖြစ်သည်။ အရောင်အသွေး၊ အဆင် ပုံစံ ရွှေးချယ်တတ်သည်။ ထို့ ပြင် ဆံညှပ်ကလစ်၊ ဖဲကြိုး၊ နားကပ် လက်ကိုင်အိတ်မှ လက်သည်းဆိုးဆေးအထိ လိုက်ဖက်မှု့ ရှိစေရန် ဂရုစိုက်သူဖြစ်သည်။ အနည်းငယ် ချွေးစို့ ယုံနှင့် ဆက်မလျှောက်ပဲ နီးစပ်ရာဆိုင်တွင် ထိုင်တတ်သည်မှာလည်း သူမ၏ အသန့်အရှင်း ကြိုက်မှု့ ကြောင့်ပင် ဖြစ်သည်။

 

ညနေစောင်းသောအခါ သူတို့ နှစ်ယောက်သည် ကန်ဘောင်ပေါ်သို့  တက်ကြသည်။ ကန်ဘောင်တစ်လျှောက် ထိုင်ခုံအလွတ်များ ရှိလေနိုးနှင့် အဆုံးထိ လျှောက်သော်လည်း ခုံအလွတ် မတွေ့ ၍ သူတို့ သည် အုတ်ဘောင်ပေါ်တွင်ပင် ထိုင်ကြသည်။ ခြေထောက်များကို တွဲလျှောင်းကြပြီး ထိုင်နေစဉ် နီနီဝင်းသည် သန့် ဇင်၏ ပုခုံးကို မှီလေသည်။ သန်ဇင်သည် ဒေါက်မြင့် ဖိနပ်ကို ချွတ်ကာ ဆော့ကစားနေသော သူမ၏ ခြေထောက်များကို ကြည့်နေမိသည်။ ကန်ရေပြင်ကို ဖြတ်တိုက်လာသော လေသည် အေးသည်။ လတ်ဆတ်လွန်းသည်။ သို့ သော် သန့် ဇင်၏ ရင်တွင်း၌ကား လှုပ်ရှားနေသည်။ သူ၏ပါးပြင်အနီးတွင် တို့ ဝှေ့ နေသော သူမ၏ဆံနွယ်များသည် သူ့ အား တိမ်းမူးစေသည်။ အမှောင်သည် တိုး၍ တိုး၍ လာပြီး လူများလည်းအလျှိုလျှို ဆင်းကုန်ကြလေသည်။ ခပ်လှမ်းလှမ်း၌ ၀ိုင်းဖွဲ့ ကာ စနောက်နေသော လူငယ် ကောင်မလေးများတစ်သိုက်မှ လွဲလျှင် သူတို့  ထိုင်နေသော အစွန်းတွင် လူသူမရှိသလောက်ပင် ဖြစ်ကုန်သည်။

 

နီနီဝင်းသည် သန့် ဇင်၏ လက်ကိုယူကာ ဖျစ်ညှစ်ကြည့်သည်။ သန့် ဇင်သည် အလိုက်သင့်နေရင်း သူမက ဖြေလျှော့လိုက်သောအခါ သူ၏လက်သည် သူမ၏ ပေါင်ပေါ်တွင် တင်ကျန်နေရစ်သည်။ သူတို့ နှစ်ယောက်သည် လူချင်းပူးကပ်သည်ထက် ပူးကပ်မိသွားသည်။ ခေါင်းချင်းဆိုင်မိကြသည်။

 

ထိုစဉ် တဘုတ် ဘုတ်နှင့် ပြေးလာသော ခြေသံကြားလိုက်ရပြီး သူတို့ နှစ်ဦး လူချင်းခွာလိုက်သည်။ အရှေ့က ပြေးနေသော ကောင်လေးကို ကောင်မလေးက လိုက်လိုက်နေသည်။ အနောက်မှ သူငယ်ချင်းတစ်သိုက်က အော်ဟစ်ဆူညံစွာ မြှောက်ပင့်နေကြသေးသည်။ သန့် ဇင်သည် နေရာမှ ထကာ နီနီဝင်းလက်ကိုဆွဲကာ ကန်ဘောင်ပေါ်မှ ဆင်းလာခဲ့သည်။ လှေခါးများမှ ကန်ဘောင်အောက်လမ်း အရောက်တွင် နီနီဝင်းက ရပ်လိုက်သည်။ သန့် ဇင်သည် နီနီ၏ လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်သည်။ နီနီဝင်သည် သူ၏ရင်ခွင်ထဲသို့  ယိုင်ကျလာသည်။

  • ကိုနဲ့  မခွဲချင် ဘူး
  • အကိုလည်း နီနီ့ ကို ချစ်တယ်

ကား၏ မီးရောင်များသည် ဖြတ်ခနဲ ပြေးသွားသည်။ သန့် ဇင်သည် ကိုယ်ကို ပြန်ခွာလိုက်ပြီး။

  • အခု နောက်ကျနေပြီလေ နီနီရဲ့။ မနက်ဖြန် ကျမှတွေ့ တာပေါ့။ ခုကို လိုက်ပို့ ပေးမယ်။
  • ဟင့်အင်း လိုက်မပို့ နဲ့  နီနီ ပြန်တတ်ပါတယ်။
  • ပြန်တတ်တာတော့ ကိုလည်း သိတာပေါ့။ စိတ်မချလို့ ပေါ့။
  • နီနီ့ ကို စိတ်ချပါ ကိုရဲ့။ နီနီ စိတ်မချရမှာ ကိုကို ပြောခဲ့တဲ့ အချစ်ပဲနော်…..နီနီ့ ကို အထင်သေးသွားလား ဟင်။
  • အထင်သေး စရာလား နီနီရယ်။ ချစ်တာမှာ ချစ်စရာပဲ ရှိပါတယ်။
  • အင်း ကို့ ကိုယုံပါတယ်။ ပြန်တော့နော်။ မနက်ဖြန်မှ တွေ့ မယ်။ တာ့တာ့။

နှုတ်ဆက်ပြီးပြန်လာကတည်းက လမ်းတစ်လျှောက်၊ ရေမိုးချိုးချိန် မှအစ အိပ်သည့်အချိန်ထိ သူမ၏ပုံရိပ်သည် သန့် ဇင်၏ အတွေးထဲတွင် စွဲထင်နေလေသည်။ သန့် ဇင်သည် တစ်ခါမှ သည်မျှလောက် မိန်းမတစ်ယောက်နှင့် နီးနီးကပ်ကပ် မနေဖူးခဲ့ပေ။ သူ နှင့် အနီးစပ်ဆုံး နေခဲ့ဖူးသော နွေးနွေးနှင့်ပင် စိတ်နှလုံးချင်းသာ နီးစပ်ခဲ့သည်။ သူမ၏ အနံ့ သက်၊ သူမ၏ အထိအတွေ့ ၊ သူမ၏ အသံများသည် သန့် ဇင်အား အချိန်ပြည့် စိုးမိုးနေသည်။ သူသည် ထမင်းလည်း မစားနိုင်၊ လဖ္ဘရည်သောက်လည်း မထွက်နိုင်တော့ချေ။ သင်ဖြူးဖျာပေါ်တွင် ပက်လက်လှန်ကာ တစ်ဦးတည်း အတွေး စားမြုံ့ပြန်ကာ နေမိတော့လေသည်။

 

မနက်ရောက်သောအခါ နွေးနွေးက ဖုန်းဆက်ပြီး ခေါ်သောအခါ အလုပ်ကို အကြောင်းပြပြီး နီနီ့ ကို စောင့်နေမိသည်။ သန့် ဇင်သည် စိတ်လှုပ်ရှားလွန်းသဖြင့် ဆေးလိပ်ကို တစ်လိပ်ပြီး တစ်လိပ် သောက်မိနေလေသည်။ ရည်းစားထားတယ်ဆိုတာ ဒီလိုခံစားရတာပါလားဟု သိသောအချိန် စောစောထားခဲ့မိရင် ကောင်းသားဟူသော အတွေးက ပေါ်လာလေသေးသည်။ နီနီ စိတ်ပြောင်း သွားလေမလားဟူသော အတွေးဝင်လာပြီး ဆံပင်ကို ကျော့နေအောင် ဖီးသည်။ ရေမွှေးဆွတ်သည်။ အခန်းကိုလည်း သန့် ရှင်းအောင် ပြင်ဆင်ထားသည်။ လာချိန်နီးသောအခါ သန့် ဇင်သည် မှတ်တိုင်မှ စောင့်ကာ ကြိုလေသည်။ သန့် ဇင်သည် နီနီနှင့် အတူယှဉ်ကာ အဆောင်သို့ လျှောက်သောအခါ သူ၏ရင်သည် ကြည်နူးခြင်းများက ဖုံး၍ပင် မရနိုင်အောင် ဖြစ်ပေါ်လာသည်။

 

                       ************                *********************                     *************

( ၆ )

 

နေ့ အခါများ၌ ရိပ်သာသည် လူသူကင်းရှင်းသည်။ သစ်ပင် အရိပ်များ အုပ်မိုးနေသဖြင့် ဆိတ်ငြိမ်သည် ဆိုကား ပို၍ မှန်လေသည်။ သတိထားပြီး နားစိုက်မှ သာလျှင် အဆောင်ရှေ့ ကားလမ်းပေါ်မှ ဖြတ်သန်း သွားလာနေသော ကားစက်သံများကို ကြားရသည်။ ပို၍ ဆိတ်ငြိမ်သော သူ၏ အခန်းတွင်း၌ကား  ၀ုန်းဒိုင်း ကျဲကာ လှုပ်ရှား ခုန်ပေါက်နေသော နှလုံးသား နှစ်စုံ တွေ့ ဆုံ ကြလေသည်။ ထိကပ်မှု့ မှသည် ပွတ်သပ်မှု့ များ ဖြစ်ပေါ်လာကြသည်။ ပွတ်သပ်မှု့ မှ တရှိုက် မက်မက် အနမ်းများ ဖူးပွင့် ကုန်ကြသည်။ ထိုမှသည် သွေးသား အလိုသို့  စိတ်ရှိတိုင်း လိုက်ပါ ကြလေသည်။

 

နီနီသည် စနေ တနင်္ဂနွေနေ့ တိုင်း သူ၏ အခန်းသို့  လာသည်။ နေကုန်အောင် နေသည် ဆိုယုံမျှ မကပေ မိုးစုန်းစုန်း ချုပ်မှသာလျှင် ပြန်လေ့ရှိသည်။ ထိုစနေ တနင်္ဂနွေများ တစ်ချို့ကို ဖြတ်သန်းပြီး သောအခါ၌ နှစ်ဦးတွေ့ ဖို့  စောင့်စားရသော ရုံးဖွင့်ရက်များသည် အလွန်ပင် ကြာညောင်းလှသည်ဟု ထင်ရသည်။ နောက်ပိုင်းတွင်ကား ပြက္ခဒိန် ရက်စွဲ အစဉ်တိုင်း နီနီ လာရောက်လေသည်။ မိုးစင်စင်လင်းသော ညများတွင် သူမသည် နေ့ ခင်းဘက် မပြန်တော့ပဲ သူ၏ အခန်း၌ပင် အိပ်စက်လေသည်။

တစ်ချိန်က စာအုပ်များ၊ စာရေး ကိရိယာများနှင့် ရှုပ်ပွနေသော စားပွဲပေါ်တွင် မှန်၊ ဘီး၊ လက်သည်းဆိုးဆေး၊ မျက်နှာချယ်ဆေးမှအစ ကလစ်၊ စကုတ် နားကပ်မျိုးစုံ စသည်ဖြင့် အစီအရီရှိနေသည်ကို ကြည့်ရင်း သန့် ဇင် ပြုံးမိသည်။ အသုံးဆောင် ပစ္စည်းလေးများကို တစ်ခုချင်း ကိုင်ကြည့် စမ်းကြည့်နေစဉ် ၎င်းတို၏ ပိုင်ရှင်ကို လှည့်ကြည့်လိုက်သည်။

 

နီနီသည် အိပ်ပျော်နေသည်။ ပန်ကာလေကြောင့် သူမ၏ ဆံနွယ်စတို့ သည် ၀ဲလွင့်နေသည်။ မျက်နှာလေးသည် ဖူးဖူးရွှရွှကလေး ဖြစ်ကာ အပြစ်ကင်းစင်သည့် ကလေးတစ်ယောက် ပမာပင်။ သူသည် နီနီနှင့် တရားဝင် လက်ထပ်ချင်လှပြီဖြစ်သည်။ သူ့ သူငယ်ချင်း အသိုင်းဝိုင်းကြားတွင် နီနီလက်ကိုတွဲ၍ သွားလိုသည်၊ ဖေ့ဘွတ်မှတဆင့် ကွဲကွာနေသော သူငယ်ချင်းများကိုလည်း ကြွားလိုသည်။ လူတစ်ယောက်၏ ဘ၀တွင် ကံကောင်းမှု့ ကြီး အနည်းဆုံး တစ်ကြိမ်တော့ ရှိတတ်သည်ဆိုလျှင် နီနီနှင့် ဆုံတွေ့ ခဲ့ရခြင်းသည် ထို တစ်ကြိမ်ပင် ဖြစ်နိုင်သည်။ နီနီသည် လှခြင်းနှင့် ချစ်စဖွယ်ကောင်းခြင်းကို ရောစပ်ထားသူ ဖြစ်သည်။ အချိုးဆစ်ကျသော ခန္ဓာကိုယ်နှင့် ၀င်းဝါသော အသားရေတွင် ရှု့ မငြီးနိုင်သည့် မျက်နှာမျိုးဖြင့် ပြည့်စုံစွာလှသည်။ စကားပြောလျှင် တ နှင့် သ မကွဲသော အသံနှင့် မြန်မာစကားကို လေသံ အလွန်စွက်ကာ မပီတတ်သော အပြောလေးများသည် ချစ်စဖွယ် ကောင်းလေသည်။

  • ကိုကို မအိပ်သေးဘူးလား
  • ဟင် နီနီ ကိုကို့ ကြောင့် နိုးလာတာလား
  • အင်း ပူလို့  နိုးလာတာ ထင်တယ်။ အိပ်လေ ပြီးရင် မနက် ရုံးနောက်ကျရင် နီနီကြောင့် ဖြစ်ဦးမယ်။ သူ့ ဘာသာ သူ မအိပ်ပဲ နေပြီးတော့။
  • ကိုကိုက နီနီကြောင့်လို့  တစ်ခါမှ မပြောခဲ့ပါဖူးပါဘူးဗျာ။
  • မပြောသာ မပြောတယ်….. ဟွန့်  တော်ပြီ မပြောတော့ဘူး အိပ်ချင်အိပ် မအိပ်ချင်လည်း နေ။
  • အင်း အိပ်မယ်လေ။ ကုတင်ပေါ်မှာ ပူလို့  ကိုကို သင်ဖြူးပေါ်မှာ အိပ်တော့မယ်။
  • သြော် ရှင်က ကျွန်မနဲ့  အတူ မအိပ်ချင်ဘူးလား။ ဒီမယ် သန့် ဇင်….ရှင်.ကျွန်မနဲ့  မအိပ်ချင်ရင် ကျွန်မ ပြန်မယ်။ ဒါပဲ။
  • ဟာ အဲလို မဟုတ်ပါဘူး နီနီရယ်။ ကိုကိုက နီနီလေး ပူမှာစိုးလို့ ပါကွာ။
  • ရတယ် မလိုဘူး။ ရှင့် ဘာသာသာ အိပ်ချင်တဲ့ဆီ သွားအိပ်။ ကျွန်မနားတော့ လာမအိပ်နဲ့ ။

သန့် ဇင်သည် ခေါင်းကုတ်ပြီး သင်ဖြူးဖျာပေါ် လှဲချလိုက်သည်။

 

သတိမမူမိလိုက်ခင်မှာပင် အချိန်ယန္တယားသည် နေရက်များ၊ သီတင်းအပါတ်များစွာကို တိုက်စားခဲ့ပြီး လ များသို့ ပင် ကူးပြောင်းလာ လေသည်။ နေက ငုပ်လျှိုးပြီး အမှောင် ထုကြီးစိုး လာချိန်တိုင်းတွင် တစ်ဦးအပေါ် တစ်ဦး တောင့်တလိုစိတ်များက ပြင်းထန်လာကြသည်။ ထိုအခါ လူချင်းခွာမရအောင် ပူကပ်ကြသည် နီးစပ်ကြသည်။ တစ်ဦးနှင့် တစ်ဦး ချော့မြူကြသည်။ ချစ်စကားတွေ လှိုင်လှိုင် ဝေစီကြသည်။ ဆန္ဒတွေ ကိုယ်စီ ပြည့်ဝသွားချိန်တွင် မီးကို ရေနှင့် ငြိမ်းလိုက်သလို ငြိမ်သက်သွားသည်။ သူတို့ နှစ်ဦးကြားရှိ မီးကား ကောက်ရိုးမီးပင် ဖြစ်သည်။ တောက်လွယ်သည်။ ထိကပ်သည်နှင့် တောက်လောင်ကုန်သည်။ အရှိန်ဟုန်ကား ကြီးလေသည်။ သို့ သော် လောင်စာကုန်သော အခါ၌ကား ငြိမ်သက်၍ သွားလေသည်။

 

ကောင်းကင်ယံတွင် တိမ်လိပ်များနှင့် လမင်းက လုံးထွေးရစ်ပတ်နေသည်။ လပြည့်ခါနီးမို့  ညသည် မလင်း တလင်းရှိနေသည်။ လရောင်နှင့် လေ ကြောင့် တပ်တွင်း၌ရှိသော ကုက္ကိုရ်ပင်ကြီးတို့ သည် ကတ္တရာလမ်းပေါ်တွင် ယိမ်းထိုးနေကြသည်။ မိုး၏ အနံ့ အသက်တို့ နှင့်အတူ ပုရစ်နှင့် ဖားတို့ ၏ အပြိုင်အဆိုင် အော်မြည်သံတို့ ကို ကြားနေရသည်။ သန့် ဇင်သည် ရုံးခန်းမှ ထွက်ကာ ရဲဘော်နှစ်ယောက်အား ခေါ်၍ ဈေးဆိုင်တန်းများဘက်သို့  စစ်ဆေးရန်ထွက်လာခဲ့သည်။ ည ၁၁ နာရီထိုးခါနီးပြီမို့  ဆိုင်များသည် ခုံများ၊ ခင်းကျင်းထားသော ပစ္စည်းများကို သိမ်းဆည်းနေကြသည်။ ရဲဘော်နှစ်ယောက်ကား သူတို့ နှင့် ခင်မင်သော ဆိုင်များဆီသို့  သွားကာ ကွမ်းယာ၊ ဆေးလိပ်ဝယ်ယင်း ကူညီ၍ သိမ်းဆည်းပေးနေလေသည်။ လက်ချင်းချိတ်၌ အိမ်သို့  ပြန်ကြလေသော ဇနီးမောင်နှံတို့ အားလည်းကောင်း၊ ကူညီရင်း စနောက်နေကြသော မိန်းမပျိုနှင့် ရဲဘော်တို့ အားလည်းကောင်း၊ ကလေးငယ်များ၏ အိပ်ချင်စိတ်ဖြင့် အော်ငိုညည်းညူသံတို့ အား လည်းကောင်း ကြားရသောအခါ သန့် ဇင်သည် လမ်းဘေး၌ ရပ်ရင် နီနီကို သတိရလာမိသည်။ နီနီရော အခုချိန် ဘာတွေများလုပ်နေမည်နည်း။ သိလိုစိတ်နှင့် အိပ်ရာဝင်ခါနီး နှုတ်ဆက် စကားပြောရန် ဖုန်းခေါ်လိုက်သည်။

  • လူကြီးခေါ်ဆိုသော တယ်လီဖုန်းမှာ ဆက်သွယ်မှု့  ဧရိယာ

အသံမဆုံးခင် ပိတ်ချလိုက်ပြီး ထပ်ခေါ်ကြည့်သည်။ မ၀င်၊ ၀င်သောအခါလည်း လူကြီးမင်း နှင့်တိုးနေသေည်။ သန့် ဇင်သည် ရင်တွေပူလာသည်။ သည်အချိန် ဘယ်သူနှင့်ရှိနေမလဲ ဟူသော အတွေးက သူအား အသက်ရှုကျပ်စေသည်။ နီနီသည် သူနှင့်အတူရှိနေသော အခါများတွင်လည်း ဖုန်းပိတ်ထားတတ်သည်။ သူမသည် သူမ၏ ဖုန်းနှင့် မှတ်စုစာအုပ်များကို မွှေနှောက်ကြည့်ရှု့သည်ကို မကြိုက်ပေ။ သူ့ ထံသို့  လာသည့်အခါများတွင်လည် လူအများ သတိထားမိမှာ စိုးသည်။ လာလျှင်လည်း မနက်လင်းအားကြီးချိန်မျိုး ရောက်လာတတ်သည်။ ပြန်လျှင်လည်း မိုးစုန်းစုန်းချုပ်မှပင် ပြန်သည်။ အစားအသောက်ပင် သူက ထွက်၍ ၀ယ်ပေးရသည်။ သူ၏ သူငယ်ချင်းများ လုပ်ဖေါ်ကိုင်ဖက်များကိုလည်း တတ်နိုင်သမျှ ရှောင်သည်။ သူမ ဘယ်မှာနေထိုင်သည်၊ ဘာလုပ်သည်ကိုလည်း ဖုံးကွယ်ထားသည်။ အတင်းအကျပ်မေး သောအခါမှ သူမသည် နယ်မှ ဖြစ်ပြီး၊ သူမ၏ ဖခင်က နိုင်ငံခြားတွင် ရှိကြောင်းနှင့် သူမအား လိုက်လာခဲ့ရန် ခေါ်သည်ကို မသွားချင်၍ ရန်ကုန်တွင် သင်တန်းအမျိုးမျိုး အကြောင်းပြကာ အချိန်ဆွဲ နေခြင်း ဖြစ်သည် ဟုသာလျှင် အသိပေးထားသည်။ သံသယသည် ရင်ကို ပူလောင်စေသည်။ ပူလောင်မှု့ သည် ဒေါသဖြစ်လာသည်။ မျက်စိထဲတွင် နီနီ၏ မျက်နှာကို မြင်ယောင်လာသည်။ နီနီသည် ပြုံးနေသည်။ သို့ သော် ဤအပြုံးကား ကြောက်မက်ဖွယ် ကောင်းသော အပြုံးပင် ဖြစ်သည်။

 

နီနီသည် သူနှင့်အတူရှိနေချိန်တွင် သူမကို ဂရုစိုက်မျှပင် ကျေနပ်သည်။ စားလည်း မဖတ်ရ၊ ရုပ်ရှင်လည်း မကြည်ရ လဖ္ဘရည်ဆိုင် သွားလျှင်တောင် မကြိုက်ပေ။ သူမ သည် သူ သီချင်းတစ်ပုဒ်ကို အာရုံစိုက် နားထောင်နေလျှင်တောင် ဒေါသထွက် တတ်သူ ဖြစ်သည်။ သန့် ဇင် မိတ်ဟောင်းဆွေဟောင်းများနှင့် တွေ့ ဆုံသည့် အခါမျိုး၊ တပ်တွင်း ကိစ္စရပ်များရှိသည့် အခါမျိုးတွင် သူမနှင့် မဆုံတွေ့ နိုင်ပေ။ ထိုအခါ သူမ၏ သံသယသည် ဒေါသအကောင်ပေါက်လာတတ်သည်။ တစ်ချိန်က တည်ရှိခဲ့သော ချစ်ခင်မှု့  လေးစားမှု့ တို့ သည် သံသယမီးနှင့် ဒေါသ လေတို့  အကျိုးကြောင့် ပြာပုံ အတိဖြစ်ကုန်သည်။ စကာသံများ ဆိတ်သုန်းခဲ့သော သူတို့  ကမ္ဘာသည် တစ်ဦးအပေါ် တစ်ဦး နာလည်မှု့  ပေးနိုင်စွမ်းတို့  လျှော့၍ လျှော့၍ လာကုန်သည်။ ထိုအခါ ယုံကြည်မှု့  လေးစားမှု့ များက တဖြည်းတဖြည်း တိမ်မြုပ်သွားပြီး သံသယနှင့် ဒေါသတို့ က ပေါက်ဖွား၍ လာလေသည်။

 

          ************                ****************                    ************

( ၇ )

 

နေသည် တဖြည်းဖြည်း ငုပ်လျှိုးဝင်ရောက်သွားပြီး အမှောင်ထုက ကြီးစိုးစ ပြုလာသောအခါ အဆောင်သည် တိတ်ဆိတ်သည် ထက် တိတ်ဆိတ်လာသည်။ သောကြာညမို့  အဆောင်ရှိလူများသည် ခြောက်ကပ်လှသော လူပျိုရိပ်သာကို စွန့် ခွာကာ ပိုင်သူ ဆိုင်သူတို့  ရှိရာသို့  ကြွမြန်းကုန်ကြလေပြီ။ တစ်ကိုယ်တည်း ထီးထီးသမားတစ်ချို့ကား ထုံးစံမပျက် သာယာပျော်ရွှင်သော ရုံးပိတ်ရက်အကြို သောကြာညကို ယမကာဖြင့် တည်ခင်းရန် အဆောင်ကို စွန့် ခွာသွားကြလေသည်။ သန့် ဇင်သည် သည်သာလျှင် မလာသော သူတစ်ယောက်ကို မျှော်၍ နေမိသည်။ မျှော်သည်မဟုတ် တောင့်တမိသည်ဆိုကား ပို၍ မှန်ပေလိမ့်မည်။

 

နီနီ။ အလိုရှိတိုင်း ရောက်လာတတ်သည့် နီနီ။ ယ္ခုမူ အလိုနည်း၍ပင် မလာရောက်နိုင်လေပြီလား။ သို့ တည်းမဟုတ် အစာဝ၍ပင် ဌာနသို့  ပြန်လေသည်လာ။ ဌာန၊ သူမ၏ ဌာနကား အဘယ်မှာနည်း။ သူ မသိပါ။ သိအောင်လည်း လုပ်ခွင့်မရနိုင်ခဲ့ပါ။ သွေးသားသည် ဆူဝေလာပြီး ကိလေသာ မီးက တငြီးငြီးတောက်သောအခါ တရှိုက်မက်မက်နမ်းခဲ့ဖူးသော တစ်ပွင့်တည်းသော ပန်းကို တောင့်တသည်။ သူတောင့်တသကဲ့သို့  သူမရော မတောင့်တနိုင်ဘူးလား။ အတွေးသည် ရင်ကို ဗလောင်ဆူစေသည်။ အတွေးသည် သံသယတို့ အဖြစ် အကောင်ဖေါ်လာသောအခါ ပြသနာမီးတို့  ထ၍ တောက်လောင်ခဲ့လေသည်။ အရင်းအမြစ်မသိသော၊ မျှဝေခံစား နားလည်မှု့  မရှိခဲ့သော အကြောင်းတရားတည်းဟူသော လေဟုန်တို့ သည် ထို ပြသနာမီးကို ကူ၍ကြီးပွားစေရန် ပင့်တင်ပေးလေတော့သည်။

  • ရှင် ကျွန်မအကြောင်းကို ဘာမှ သိစရာမလိုဘူး
  • ဘာလို့  မသိရမှာလည်းကွ။ ငါ လက်ထပ်ဖို့  ရည်ရွှယ်ထားတဲ့ မိန်းမအကြောင်း ငါ မသိလို့  ရမလား။ မင်း မပြောချင်လည်းနေ။ ငါ့ ခေါင်းထဲမှာ မင်းကို ထည့်မထားတော့ဘူး။
  • သြော် ရှင်က ကျွန်မကို ဘယ်တုန်းကများ ခေါင်းထဲ ထည့်ထားဖူးလို့ လည်း။ ရှင့် ခေါင်းထဲမှာ ဟို ဆရာဝန် မပဲရှိတယ်။
  • ဟ အဲဒါ သူငယ်ချင်းကွ။
  • အော် အော် သူငယ်ချင်း သူငယ်ချင်းတဲ့။ ဓါတ်ပုံတောင် ပိုက်ဆံအိတ်ထဲ ထည့်ထားသေးတယ်။ ရှင်က တော်တော် ကျက်သရေ ယုတ်တဲ့ကောင်။ ဟိုကလည်း လင်တာရူးမ။
  • တောက်…ကွာ။ မင်း မျက်နှာ ငါ မမြင်ချင်ဘူး။
  • ရတယ်လေ။ သန့် ဇင် နင် ငါ့မျက်နှာ မမြင်စေရဘူး။ စိတ်ချ။

အလျှော့အတင်း လုပ်၍ မရသော စကားကို ပြန်လည်ကြားယောင်မိသည့်အခါ ရင်မှာ နာကျင်လာရသည်။ မနည်းလှသော သံယောဇဉ်ကြိုးကြောင့် တစ်ခါတစ်ရံ ပူပင်သောကသည် ကြီးစွာ ၀င်လာသည်။ အကြိမ်ကြိမ်ဖုန်းဆက်သည်။ လွန်သမျှကို သူ့ ကိုယ်ပင် ပုံကာ အကြီးဆိုသော စိတ်ဖြင့် ခွင့်လွှတ်နားလည်နိုင်ရန် အကြိမ်ကြိမ်ကြိုးစားသည်။ ပျောက်သောသူသာလျှင် ရှာ၍ ရနိုင်သေးသည်။ မတွေ့ လို မမြင်လို၍ ပုန်းရှောင်လေသော သူကား အဘယ်မျှ ရှာ၍ ရနိုင်မည်နည်း။

 

သန့် ဇင်သည် တဒုတ်ဒုတ်ခုန်နေသော နှလုံးသား၏ အလိုကို လိုက်ကာ ဖုန်းခလုတ်ပေါ်မှ နံပါတ်လေးများကို နှိပ်လိုက်သည်။ ခေါ်ဆိုရန် ခလုတ်ကို နှိပ်မည်ပြုပြီး ချီတုံ ချတုံဖြစ်သွားမိပြီးနောက် နံပါတ်များကို ပြန်ဖျက်လိုက်သည်။ ဖုန်းကို စားပွဲပေါ်သို့  တင်လိုက်ပြီး ကြမ်းပြင်ပေါ်တွင် ခင်းထားသော သင်ဖြူးဖျာပေါ်သို့  လှဲချလိုက်သည်။ မြင်မြင်သမျှသည် သူမ၏ အရိပ်ချည်းဖြစ်သည်။ စားပွဲပေါ်တွင် ဖရိုဖရဲရှိနေသော အလှပြင် ပစ္စည်းများ။ အ၀တ်လှန်းစင်ပေါ်မှ တွဲလောင်းကျနေသော အမျိုးသမီး အ၀တ်ထည်များ။ နားထဲတွင် သူမ၏ တခစ် ခစ် ရယ်သံများကို ကြားရသည်။ ထိုအခါ လူသည် ဆောက်တည်ရမဲ့လာဖြစ်သည်။ လူးလိမ့်ရင်းနှင့် မျက်ဝန်းမှ လည်ပင်းသို့  သွယ်တန်းနေသော အပူရေစီးကြောင်းများ ဖြစ်ထွန်းကုန်သည်။

 

သူသည် အိပ်ရာမှ လူးလဲပြန်ထကာ အ၀တ်အစားလဲ၍ စော်ဘွားကြီးဘက်သို့  ထွက်လာခဲ့သည်။ တေးဂီတသံ လှိုင်လှိုင်ထွက်နေသော ဆိုင်အတွင်းသို့  ၀င်ကာ ဘီယာသောက်နေမိသည်။ မလှမ်းမကမ်း စင်မြင့်ပေါ်မှ မလုံ့ တလုံဖြင့် လှုပ်ရှားနေသော အရိပ်များက သူ၏ အပူမီးကို မငြိမ်းနိုင်သော်လည်း တစ်ခါ တစ်ခါတွင် နားဆင်ရသော တေးသွားများနှင့် လှုပ်ရှားနေကြသော ပတ်ဝန်းကျင်က သူ၏ အပူကို လျှော့ပါးစေသည်။ တစ်ခွက်ပြီး တစ်ခွက်၊ တစ်ပုဒ်ပြီး တစ်ပုဒ်နှင့် ဆိုင်ပိတ်ခါနီး ခေါင်းစိုက်ခါမှ ပြန်ထွက်လာခဲ့သည်။ ဆိုင်ထိပ်မှ တက္ကစီတစ်စီးငှားကာ အဆောင်ပြန်လာခဲ့သည်။

 

တိတ်ဆိတ်ခြင်းကို ကြောက်ရွှံ့ သော၊ အဖေါ်ကို တောင့်တသော၊ ရင်တွင်းအပူမီးတောက်မှ ပုန်းရှောင်လိုသော သန့် ဇင်သည် ထိုရပ်ဝန်းကို ယခုမှပင် သတိပြုမိတော့လေသည်။ မှောင်ရီပျိုးစဆိုလျှင် သူသည် ထိုနေရာသို့  ရောက်လာတတ်တော့သည်။ တစ်ရက်မှ တစ်ရက်သို့  ကူးပြောင်းလာသောအခါ ခါးသက်သော ဘီယာသည် ဆိမ့်ရှသော အရာသာသို့ ခံစားမိလာသည်။ မို့မောက်သောရင်၊ဖြူဝင်း ဖြောင့်စင်းလှသော ပေါင်တံများဖြင့် ဖေါ်ကာ လှုပ်လီ လှုပ်လဲ့ သီဆိုနေကြသော မိန်းမပျိုးများ၏ အလှကို ခံစားတတ်လာသည်။ ထိုနေရာသည် သူ၏ အပူမီးကို ငြိမ်းစေရုံမျှမက သာယာမှု့ ကို ဖြစ်လာစေသည်။ ဆန်းသစ်သော ဂီတ၊ ဆန်းသစ်သော အလှနှင့် ဆန်းသစ်သော ပတ်ဝန်းကျင်က သူ့ ၏အာရုံကို ကောင်းစွာ ဖမ်းယူနိုင်လေသည်။ တစ်ခါတစ်ရံတွင် သူနားထောင်လိုသော သီချင်းကို တောင်းဆိုကာ သီဆိုစေသည်။ သီဆိုသော မိန်းကလေး၏ အကြည့်နှင့် လှသော အပြုံးက ရီဝေနေသော သူ့ ကို ညှိ့ ယူလေသည်။ သဒ္ဒါစိတ်ကြောင့် စင်ပေါ်မှ မိန်းမပျိုအား လိုအပ်သော အဆင်တန်ဆာတို့ အား ဆင်မြန်းပေးသည့်အခါ တစ်ဦးနှင့် တစ်ဦးကြား အသိမှတ်ပြုမှု့  တို့ က သိသာ၍ လာလေသည်။

  • ကိုကြီးက ဘယ်မှာနေတာလည်း။
  • အင်း ဒီနားတင်ပဲလေ မင်္ဂလဒုံမှာပေါ့။ ဘာလည်း အလည်လာချင်လို့ လား ညီမလေးက။
  • ဟင်း ကိုကြီးအိမ်တော့ မလာချင်ပါဘူး။ တစ်ခြားနေရာ အလည်သွားချင်တာ။ ကိုကြီး လိုက်ပို့ ပေးပါလား။
  • အင်း ကိုကြီး ဖုန်းနံပါတ် ယူထားလေ။ စနေ တနင်္ဂနွေတွေဆို ဖုန်းဆက်လိုက်ပေါ့။

အနေကြာလာသောအခါ ထိုလောကရှိ အပေးအယူ ဇာတ်လမ်းများကို သန့် ဇင် သိလာရသည်။ သိပြီးသောအခါ စမ်းသပ်ခြင်း အမှု့ တို့ ကို ပြုမိလေသည်။ ဒစ်စကိုည၏ ဆုံတွေ့ မှု့ မှ စတင်ကာ နေ့ ခင်းဘက်တွင်  ပေးကမ်းခြင်းနည်းလမ်းဖြင့် ရင်းနှီးမှု့ ကို ပျိုးယူရသည်။ ထိုမှသည် ရန်ကုန်မြို့တွင်းရှိ ယာယီနားနေဆောင်များတွင် သန့် ဇင်၏ မှတ်ပုံတင် နံပါတ်သည် မှတ်တမ်းတင်ခံရလေသည်။ ဟိုတွင်းမရရင် ဒီတွင်း၊ ဒီတွင်း မရရင် နောက်တွင်းနှင့် တွင်းပေါင်းတစ်ထောင် ကုန်အောင်တူးမည့် ကျောက်တူးသမား မဟုတ်သော်လည်း သန့် ဇင်သည် ကျောက်တူးသမား ဖြစ်မှန်း မသိ ဖြစ်လာလေသည်။ နီယွန်မီးရောင်စုံများနှင့် တေးဂီသံများ လွင့်နေသော နေရာများ၌လည်းကောင်း၊ ဒစ်စကိုတေးသံများနှင့် မီးရောင်စုံများကြား ကခုန်နေသော လူအများကြား၌လည်းကောင်း၊ ညည့်နက်နက် လမ်းပေါ်တွင့် လွင့်မြောနေသော ပန်းပွင့်များ၌လည်းကောင်း စသည်ဖြင့် သူတူးခဲ့သော တွင်းများသည် တစ်စ တစ်စ များ၍ များလာသည်။

 

သန့် ဇင်သည် မျက်လုံးများကို အားယူကာ ဖွင့်ကြည့်လိုက်သည်။ ခေါင်းရင်းဘက်ဆီမှ အရောင်စွပ်ထားသော မီးလုံးကြောင့် အခန်းသည် မလင်း တလင်းဖြစ်နေသည်။ မျက်နှာကျက်ပေါ်တွင် ပန်ကာမရှိသည်ကို သတိပြုမိပြီး သူရောက်နေသည်မှာ သူ့ ၏ အခန်းမဟုတ်မှန်း သတိပြုမိသွားသည်။ သူဘယ်ကိုရောက်နေ သည်လည်း။ မမှတ်မိသေး။ ခေါင်းသည် မူးဝေလာသောကြောင့် တွေးယူစဉ်းစား မနေတော့ပဲ ခန္ဓာကိုယ်ကို စောင်းချလိုက်သည်။ ဖြူဝင်းသော ကျောပြင်ပေါ်တွင် အနီရောင်ဆံပင်စများ ကပိုကရိုကျနေသော မိန်းမတစ်ယောက်ကို တွေ့ လိုက်သည်။ အောက်ပိုင်းတွင် စောင်ပါးတစ်ထည်လွှားထားသော်လည်း လှပသော သူမ၏ ခန္ဓာကိုယ် အချိုးအဆစ်ကို မြင်တွေ့ နေရသည်။ နာရီကိုကြည့်လိုက်တော့ မနက် ၈ နာရီပင် ထိုးလုပြီ။ ညစ်နွမ်းနေသော စိတ်တွင် စိုးရိမ်ပူပန်ခြင်းကပါ ထပ်ပေါင်းလာသည်။ သည်နေ့လည်း အလုပ်နောက်ကျပေဦးမည်။ ကပျာကယာ ထပြီး အ၀တ်စားများ လဲလိုက်သည်။ ရေခန်းထဲဝင်ကာ မျက်နှာသစ်ကန်တွင် ရေပိုက်ကိုလှည့်ပြီး ရေကိုလက်ခုပ်ဖြင့်ယူကာ မျက်နှာကို ပွတ်လိုက်သည်။ ဆံပင်ကို သပ်လိုက်သည်။ ပြန်ထွက်လာပြီး ကုတင်ပေါ်တွင်ရှိသော တစ်ရှုးစဖြင့် မျက်နှာကို သုတ်သင်ရင်း ကောင်မလေးကို နိုးလိုက်သည်။ ထို့ နောက် အလျှင်စလိုပင် ကောင်တာမှ မှတ်ပုံတင်ကို ယူကာ ထွက်လာခဲ့သည်။

 

သူသည် မကြာခဏဆိုသလိုပင် သွေးသားက တောင့်တလာသောအခါ၌ လိုအင်ကို ဖြည့်ဆည်းပေးမည့် အရာကို လိုက်လံ၍ ရှာဖွေလေသည်။ သို့ သော် သွေးသွား အလိုဆန္ဒသည်ကား ယားနာကဲ့သို့ ပင်ဖြစ်သည်။ ထိုခန္ဒာကိုယ်မှ တောင့်တလာသော ကိလေသာဟူသည်က ယားနာနှင့် တူပေသည်။ အနာက ယားယံလာသောအခါ နီးစပ်ရာ လက်လှမ်းမှီရာ တို့ ဖြင့် ကုတ်ခြစ် မီးကင်မှု့  ပြုသကဲ့သို့  သူသည် ပြေပျောက်ခြင်းအလို့ ငှာ မီးဟူသော ကာမဂုဏ်အာရုံတို့ ဖြင့် ပျော်ပါးကာ ဖြေဖျောက်ခြင်းအမှု့ ကို ပြုလေသည်။ ကုတ်လေ ယားလေ၊ ယားလေကုတ်လေဖြင့် အနာဖြင့်သည်ကြီးလာသကဲ့သို့  သူ၏ ဆန္ဒအလိုသည်လည်း ပို၍ ပို၍ တိုးလာသည်။ သူ၏ ဆန္ဒများ တိုး၍ လာသည်နှင့်အမျှ သူ၏ဖြည့်ဆည်းမှု့ များသည်လည်း ပို၍ ပို၍ကြီးလာသည်။ အသိကရှိသော်လည်း ဆန္ဒသဘောကို မလွန်ဆန်နိုင်ပဲ ထိုတပ်မက်မှု့  အာရုံနောက်သို့  လိုက်ပါမိသောအခါ သူ၏ စိတ်ခွန်အားကို မယုံမကြည်ဖြစ်လာသည်။ ယုံကြည်မှု့ တို့ က ကျဆင်းလာပြီး မသန့်စင်သော သူ၏ ခန္ဓာနှင့် စိတ်နှလုံးကို သူကိုယ်တိုင် စက်ဆုပ်ရွှံရှာလာသည်။

 

 ဆန္ဒကို အသိစိတ်က မထိန်းချုပ်နိုင်သောအခါ အားကိုးရှာမိသည်။ သူ့ အတွက် သည်ဝေဒနာတွေမှ ကင်းလွတ်ရာ ငြိမ်းချမ်းရာကား အဘယ်မှာနည်း။ သူ့  နှုတ်မှ နာမည်တစ်ခုကို ရေရွှတ်မိသွားသည်။ နွေးနွေး…..။နွေးနွေးနှင့် သူ မဆုံ ဖြစ်သည်မှာ အတော်ကြာပြီ။ အတော်ဆိုသည်မှာ နီနီသူ့ ဘ၀ထဲကို ၀င်လာကတည်းက ဖြစ်သည်။ အကြောင်းအမျိုးအမျိုးပြကာ ရှောင်ဖယ်ခဲ့သော သူ့ သဘောကို နွေးနွေက ရိပ်စားမိပြီး နောက်ပိုင်းတွင် ဖုန်းမဆက်တော့။ မျက်ဝန်းထဲတွင် နွေးနွေး၏ ချိုသော အပြုံးကို မြင်ရသည်။ အသံ သူမ၏ ကြင်နာမှု များ အစဉ်စွက်နေသော ကြည်သောအသံကိုလည်း ကြားရသည်။ သို့ သော် သူ နွေးနွေး ဆုံရမည်ကို ကြောက်သည်။ ကြောက်သည် ဆိုခြင်းထက် ရှက်သည်။ ဆင်ဖြူ့မျက်နှာ ဆင်မည်းမကြည့်ဝံ့ သကဲသို့  သူနွေးနွေးနှင့် ဆုံတွေ့ ရမှာ စိတ်မလုံ။ နွေးနွေးနှင့် သူသည် လားလားမျှ မသက်ဆိုင်တော့။ မသက်ဆိုင်ဖြစ်အောင်လည်း သူ အတတ်နိုင်ဆုံး နေခဲ့သည်။ သြော် ကိုယ့် အပြစ်နှင့်ကိုယ်သာလျှင် ရှိပါစေတော့။

 

                          *************              **********************                   *****************

( ၈ )

 

အင်းလျှားကန်ရေပြင် လှိုင်းကြက်ခွပ်လေးများဖြင့် လွန့် လူးနေသည်။ နေရောင်ကြောင့် လှုပ်ရှားနေသော ရေပြင်ပေါ်တွင် ကြယ်ပျောက်တစ်ချို့က တရိပ်ရိပ်ပြေးနေကြသည်။ သန်သော လေက ဆောင်ယူလာသည့် ငွေလှိုင်းတို့  ကမ်းစပ်ကို ရိုက်ပုတ်သံက ဘ၀င်ကို ကြည်နူးစေသည်။ သန့် ဇင်သည် အုတ်ခုံပေါ်တွင်ရပ်ကာ ရေပြင်ကို မျက်နှာမူထားရာမှ နွေးနွေးကို စောင်းငဲ့ကြည့်လိုက်သည်။ အပြာနုရောင် ပိုးချည် အကျီနှင့် ဖြူဝင်းသော အသားရေသည် ပနံသင့်လှသည်။ လိမ်းချယ်မထားသော မျက်နှာပြင်နုနုထက် ၀ဲလွင့်နေသော အညိုရော ဆံပင်ပျော့များသည် မထူထဲလှသော်လည်း ပုံစံကျလွန်းသည်။ မရယ်သော်လည်း ပြုံးနေသည့် သူမ၏မျက်နှာသည် အေးချမ်းမှု့  အရှိဆုံး အလှတရားတစ်ခုပင်ဖြစ်သည်။ သူမသည် ငယ်စဉ်က ရှိခဲ့သော မေမေနေရာတွင် မေမေ့အစား အစားဝင်ရောက်လာသူ တစ်ဦးပင်ဖြစ်သည်။ မေမေသည်လည်း နွေးနွေးလိုပင် ပြုံးသည်၊ နွေးနွေးသည်လည်း မေမေ့လိုပင် ကြင်နာသူဖြစ်လေသည်။

  • သန့် ဇင်…. စကားပြောလေ။ နင် မှာပြောစရာတွေရှိတာ ငါသိပါတယ်။ ငါလည်း နားထောင်ချင်တယ်။
  • နွေးနွေး နင် ငါ့ကို စိတ်ပျက် မသွားဘူးလား။
  • သန့် ဇင် နင် က နင်လုပ်ခဲ့တာတွေ အတွက် ဘယ်တော့မှ နောင်တမရတတ်တဲ့သူ၊ ဖြစ်လာသမျှကို ရဲရဲ ရင်ဆိုင်တတ်တဲသူ တစ်ယောက်ပါ။ နင် ဘယ်သူတစ်ဦး တစ်ယောက်ကိုမှ ငဲ့ပြီး နောင်တရတဲ့ စကားတွေ မပြောပါနဲ့ ။ ငါလေ နင် အခုလို စိတ်ရှုပ်ထွေးနေတာ၊ စိတ်ညစ်နေတာမျိုး မမြင်ချင်ဘူး သိလား။ နင် အရင်ပုံစံအတိုင်း ပြန်နေပါ။ ဖြစ်လာသမျှကို ရဲရဲသာရင်ဆိုင်လိုက်ပါ။ ဟိုလူငဲ့ လိုက် ဒီလူ ငဲ့လိုက် မလုပ်တော့နဲ့ နော်။ ကိုယ့် ကိုကိုယ် ဂရုစိုက်ပါဟာ။ အခု နင့်ဘေးမှာ ဘယ်သူမှ မရှိဘူး။ ကြည့်ပါဦး ပိန်သွားလိုက်တာ။
  • အေးပါဟာ။ ငါလည်း အခုပြုပြင်တော့မယ်လို့  စိတ်ဆုံးဖြတ်လိုက်ပြီ။ ပြန်လာတာနဲ့  ဟိုအရင်က သန့် ဇင် ပြန်ဖြစ်စေရပါ့မယ်။ ငါ့ ဆုံးဖြတ်ချက်တွေက နင့်ကို မြင်တော့ ပိုပြီး ခိုင်မာလာတယ်ဟ သိလား။

နွေးနွေးသည် နွေးနွေးသည် ပါးချိုင့်လေးနှစ်ဖက် ခွက်နေအောင် ပြုံးလိုက်ပြီး သန့်ဇင်၏ အကျီကော်လံလေးများကို သေချာပုံကျအောင် ချိုးပေးနေလေသည်။

  • နင် သင်တန်းတက်မှာဆိုတော့ အချိန်နဲ့  အိပ်၊ အချိန်နဲ့  စားပြီး စည်းကမ်းရှိလာမှာပဲ။ တစ်ခါတစ်လေကျတော့လည်း လူဆိုတာက အထိန်းအကွပ်လိုတယ်ဟ။ နင့်လို ငယ်ငယ်ကတည်းက အိမ်ကနေ အမြဲဝေးနေပြီး တဇွတ်ထိုးနိုင်တဲ့ သူအတွက်ဆို ပိုတောင်လိုသေးတယ်။ ဟုတ်တယ် မှတ်လား သန့် ဇင်။

သန့် ဇင်သည် နွေးနွေးကို မော့ကြည်လိုက်သည်။ နှစ်ဦးသားကြားရှိနေသော မ၀ံ့မရဲဖြစ်မှု့  သတိထားလွန်းမှု့ တို့ က နွေဦးရောက်လာသော နှင်းတို့  အရည်ပျော်ကုန်သကဲ့သို့  တဖြည်းတဖြည်း လွင့်ပါးကုန်ပြီး၊ နွေးထွေးမှု့  ရင်းနှင်းမှု့ တို့ က ပြန်လည်ဝင်ရောက်လေပြီ။ လူသည် ဆုံးရှုံးဖူးမှ တန်ဖိုးအမှန်ကို သိသည်။ ပထမတစ်ကြိမ် ပျောက်ရှဖူးသူသည် ဒုတိယအကြိမ် ထပ်မံမပျောက်ရှစေရန် သတိကြီးစွာ ထားတတ်သည် မဟုတ်ပါလား။

  • အေး ဟုတ်တယ်ဟ ငါ့ဘ၀မှာ အထိန်းအကွပ်တော့ လိုနေပြီ။ ဒါပေမယ့် ငါ့စိတ်ကို ငါသိတယ်။ ငါ့ကို အကြောက်တရားနဲ့  ထိန်းချုပ်လို့ မရဘူးဟ။ ချစ်ခြင်းမေတ္တာအရင်းခံပြီး ဖြစ်ပေါ်လာတဲ့ လိုက်နာမှု့ ၊ လုပ်ချင်ကိုင်ချင်စိတ်ဆိုတဲ့ တွန်းအားပဲ ငါလိုချင်တယ်။ အဲဒါတွေ ရတဲ့ နေရာမှာပဲ ငါနေချင်တယ်။
  • ဟဲ့ အဲဒါဆို နင်က ဘယ်သွားနေမှာလည်း။ ဘယ်နေရာကနေ အဲဒါတွေ ရမှာလည်း ပြောပါဦး

ရင်သည် ဒိတ် ခနဲ ခုန်သွားသည်။ ပြောတုန်းကတော့ ရင်တွင်းမှ ခံစားချက်မို့ သာ ပြောထွက်သွားသည်။ အမေးရှိသော အခါက ခက်လှသည်။ အဖြေ ခက်သည်တော့ မဟုတ်ပါပေ။ မဖြေရဲခြင်းသာ ဖြစ်ပါသည်။ နွေးနွေးကိုကြည့်လိုက်သည်။ နွေးနွေးကား နားမလည်သလိုနှင့် သူ့ ၏ အဖြေကို စောင့်နေသည်။

  • နင့် ဆီက

အင်းလျှားကန်၏ အလယ်မှ တလိပ်လိပ်တက်လာသော ရေလှိုင်းလေးများသည် ကမ်စပ်သို့  ပြေးကပ်ကာ သူတို့  နှစ်ဦး၏ တိတ်ဆိတ်သွားမှု့ ကို ချောင်းမြှောင်း အကဲခတ် နေကြသည်။ နုသစ် သော လေပြည်လေးများသည် သူတို့ နှစ်ဦး၏ ၀န်းကျင်တွင် ရစ်သီ ရစ်သီ လုပ်နေကြသည်။ ဖြူဝင်းသော ပါးပြင်သည် ရဲခနဲ ဖြစ်သွားကာ အပြုံးကို အတင်းဖုံးအုပ်လိုက်သဖြင့် ပိပြားသွားသော နှုတ်ခမ်းတို့ ကိုမူ လှိုင်းခွပ်အဖြူလေးများနှင့် ရစ်ဝိုင်းနေသော လေသစ်လေးများက မြင်ဖြစ်အောင် မြင်လိုက်ကြသော်လည်း သန့် ဇင်က သတိမထားမိလိုက်ပေ။

 

                         **********                     *************************                      ***********

( ၉ )

 

ညည့်သန်းခေါင်းယံဆို သော်လည်း တောင်ငူဘူတာရုံသည် လူသံ၊ ကားသံ ပစ္စည်းများရွှေ့ လျှားသံတို့  ဖြင့် လှုပ်ရှားအသက်ဝင်နေသည်။ မလင်းတလင်းသာရှိသော မီးရောင်ကိုအားပြုပြီး အစိမ်းရောင်သုတ်ထားသော သေတ္တာကို ပခုံးပေါ်ထမ်းကာ ဘူတာအပေါက်တွင် နောက်မြှီးထိုးထားသော ကားပေါ်သို့  ထိုးတင်လိုက်သည်။ သန့် ဇင်၏ကိုယ်လုံးသည် ချွေးတို့ ဖြင့် စေးကပ် စေးကပ်ဖြစ်နေသည်။ ရထားပေါ်မှ စွဲထင်လာသော အနံ့ ၊ ချွေးနံ့ တို့ ဖြင့် သူ့ ၏ကိုယ်မှ ထွက်သော အနံ့ ကိုပင် သူ သည်းခံနေရသည်။ ပစ္စည်းများရွှေ့ပြောင်းပြီး လူစုံသောအခါ ကားသည် ဘူတာရုံမှ  မြို့အပြင်ဘက်သို့  မောင်းနှင်လာခဲ့သည်။ သေတ္တာပေါ်တွင် ထိုင်ရင်း ပူအိုက်သောကြောင့် ယူနီဖေါင်းအကျီလည်ပင်းများကို ဖွင့်ဟလိုက်ပြီး လက်ကို တံတောင်ဆစ်ကျော်အထိ ပင့်တင်ထားသည်။ ရှုးဖိနပ်ကိုလည် ချွတ်လိုက်ပြီး အိတ်တစ်ခုထဲ ထိုးထည့်ထားလိုက်သည်။

 

အရှိန်ပြင်းပြင်း မောင်းနှင်နေသော စစ်ကားကြီး၏ တဟဲဟဲ လိုက်နေသောအသံ၊ လေတိုးသောအခါ မိုးအုပ်ထားသော တာပေါ်လင်စကိုလေတိုးသော တဖျတ်ဖျတ်အသံတို့ က ည၏ တိတ်ဆိတ်ခြင်းကို ထိုးထွင်း၍ ထွက်ပေါ်နေသည်။ တောင်ငူမြို့အထွက် ခြေလျှင်တပ်ရင်းတစ်ခု ရောက်သောအခါ  ခြေလျှင်တပ်ခွဲမှုး သင်တန်းတက်ရောက်မည့် ကြည်း၊ ရေ၊ လေမှ အရာရှိအားလုံးကို စုစည်းထားသည်ကို တွေ့ ရပြီး နံနက်မိုးသောက်သောအခါမှ သံတောင်ကြီး( ဘုရင့်နောင် တပ်မြို့)သို့  ယာဉ်တန်းဖြင့် တက်မည်ဖြစ်ကြောင်း သိရသည်။

 

သံတောင်ကြီးသည် ပင်လယ်ရေမျက်နှာအထက် ပေ ၄၂၀၀ ပြီး ကိုလိုနီခေတ်က အင်္ဂလိပ်အရာရှိများ၏ အပန်းဖြေရာ လှပသော မြို့လေးတစ်မြို့ ဖြစ်သည်။ မြေပြန့်လမ်းကို ခဏတာမျှ ကျော်လွန်ပြီးသောအခါ ရှည်လျှားသော ယာဉ်တန်းကြီးသည် မြင့်မားမတ်စောက်သော တောင်များပေါ်သို တရွှေ့ ရွှေ့စတင်ကာ တက်ရလေသည်။ လမ်းများသည် ပြင်ဦးလွင်တောင်တက်လမ်းထက် များစွာ မတ်စောက်သည်။ ဂငယ်ကွေ့ များသည် တစ်ခုကွေ့ ပြီး နောက်တစ်ခုက ထပ်ကာပေါ်လာသည်။ လမ်း၏ တစ်ဘက်တွင် မြင့်မားမတ်စောက်လှသော တောင်ကပါးကြီးကို မော်၍ကြည့်ပါက အပေါ်ဆုံးကို မြင်တွေ့ ရန် ခက်ခဲလောက်အောင် မြင့်မားလှပြီး၊ ကျန်တစ်ဘက်ရှိ ချောက်ကမ်းပါးကို ငုံ့ ကာကြည့်ပါကလည်း အောက်အစွန်းကို မြင်တွေ့ ရန်မှာ မလွယ်ကူနိုင်လောက်အောက် နက်ရှိုင်းလှသည်။ ပေ ၂၀၀ ကျော်မြင့်မားသော ကျွန်းပင်များကို ငုံ့ ကြည့်ရပြီး၊ ဘေးတွင်ကား အဝေးကို ငေးမျှော်မရနိုင်လောက်ပင် တောင်များက ထပ်ကာ ထပ်ကာ တည်ရှိနေကြည်။

 

တစ်ချို့သော လမ်းအကွေ့ များ၍ ၀ါးခြမ်းများ၊ ၀ါးလုံးများဖြင့် ဆောက်ထားသော ကင်းတဲများကို တွေ့ ရသည်။ အမြင့်သို့  ရောက်လာသည်နှင့် နားတွေအူလာပြီး အအေးဓါတ်က သိသိသာကြီး ကဲလာသည်။ ကားပေါ်မှ လူများအားလုံးသည် အနွေးထည်များ ထုတ်ဝတ်လိုက်ကြပြီး ထုတ်ရန်မလွယ်ကူသော သူတို့ ကား လေကွယ်ကာ နောက်၌ ကုပ်ကုပ်ရုတ်ရုတ်ဖြစ်ကုန်ကြလေသည်။ သံတောင်ကြီး မြို့အ၀င်သို့  ရောက်သောအခါတွင်ကား မျှော်မဆုံးသော တောင်တန်း လွင်ပြင်ကြီးကို ရှု့မျှော်ရသည်။ တောင်တန်းများသည် မြကဗ္မလာဖုံးအုပ်ထားသကဲ့သို့  သစ်ပင်ငယ်ကလေးများဖြင့် စိမ်းစိမ်စိုနေကြသည်။ လမ်းဘေးတစ်လျှောက်နှင့် တောင်ကတုံးများတစ်ချို့တွင် ကြီးမားလှသော ကျောက်တုံးအမည်းကြီးများကိုလည်း တွေ့ ရသည်။

 

 မြင့်မား မတ်စောက်လှသော တောင်စောင်းများတွင် အစီအရီ တည်ဆောက်ထားသော အဆောက်အအုံများတွင် တပ်မတော် ကြည်း၊ ရေ၊ လေမှ သင်တန်းသားများ၏ လူနေဆောင်များ၊ သင်တန်းခန်းမများ တည်ရှိကြည်။ သင်တန်းများမှာ ရာထူးအဆင့်လိုက် ခြေလျှင်တပ်စုမှုး သင်တန်း၊ ခြေလျှင်တပ်ခွဲမှုး သင်တန်းနှင့် ခြေလျှင်တပ်ရင်းမှုး သင်တန်းဟူ၍ သုံးမျိုးခွဲခြားထားသည်။ တစ်ချိန်က တပ်မတော်ကြည်းမှ အရာရှိများသာ တက်ရောက်ရသော သင်တန်းဖြစ်ခဲ့သော်လည်း ယနေ့ ခေတ်တွင် ပြောင်းလဲ တိုးတက်လာသော ပြည်သူ့ စစ် မဟာ ဗျုဟာအရ တပ်မတော်လေနှင့် တပ်မတော်ရေမှ အရာရှိများပါ ခြေလျှင်တိုက်ခိုက်ရေး စစ်ပညာများကို စာတွေ့ ၊ လက်တွေ့  သင်ကြားတက်ရောက်ရသည်။ ထို့ အပြင် လက်ရုံးရည်သာမက နှလုံးရည်ပါ ပြည့်ဝစေရန် ရာထူးအဆင့်လိုက် အင်္ဂလိပ်စာ၊ ကွန်ပြူတာပညာရပ်များ စသည်ဖြင့် သိသင့် သိအပ်သော ပညာရပ်များကိုပါ သင်ကြားပေးလေသည်။တစ်ခါတစ်ရံတွင် ပြည့်သူ့ ရဲနှင့် မီးသတ်တပ်ဖွဲ့ မှ အရာရှိကြီးများလည်း လာရောက် တက်ရောက်ကြသည်ကိုတွေ့ ရလာလေသည်။

 

သန့် ဇင်သည် သင်တန်းတွင် နှစ်အတော်ကြာ ကွဲကွာနေသော ကျောင်းမှ သူငယ်ချင်းများ၊ ညီ အကိုများကို ဆုံတွေ့ ရသဖြင့် အထူးပင် ပျော်ရွှင်မိလေသည်။ အဆောင်များ သတ်မှတ်ပေးပြီးနောက် ပစ္စည်းများနေရာချကာ ချစ်ခင်သော သူငယ်များကို ရှာဖွေ တွေ့ ဆုံကြရသည်မှာ မတ်စောက်သော တောင်များ၊ လှေခါးထစ်များကို တက်ရသည်ကိုပင် မောသည်ဟူ၍ပင် မထင်မိတော့ပေ။ လေတပ်မှ လာသည်မို့  လိုအပ်သော ခြေလျှင်တပ်သုံးး ချပ်ဝတ်တန်ဆာများကိုလည်း ၀ယ်သင့်သည်ဝယ်ရသည်၊ ငှားရမ်းသင့်သည်ကို ငှားရမ်းရသည်။ ခြေလျှင်တပ်ခွဲမှုး သင်တန်းဖြစ်သောကြောင့် သင်တန်းမဖွင့်မှီ လိုအပ်သော ဆေးစစ်မှု့ တို့ ကိုလည်း ပြုလုပ်ရသည်။ မိုးတိမ်ကင်းစင်သော ညဦးပိုင်းတစ်ချို့တွင်ကား တောင်ကုန်းမြင့်ပေါ်မှ ထိုင်ကာ တောင်ငူဘက်ဆီက လင်းလက်နေသော မီးရောင်များကို ငေးမောရင်း လွမ်းဆွတ်ရသည်။

 

ညသည် မှောင်မိုက်၏။ တိမ်တိုက်များ ထူထပ်စွာဖုံးအုပ်နေသော ညသည် ကြယ်ပျောက်ပင် မထင်။ မှောင်သော ကောင်းကင်နှင့် တိတ်ဆိတ်သော သည် ညသည် သန့် ဇင်၏ ဘ၀တွင် အမှောင်မိုက်ဆုံးပင် ဖြစ်ပေတော့သည်။

  • သန့် ဇင် မင်း ဘယ်သွားမလို့ လည်း။ စိတ်ကို ထိန်းထားပါကွာ။
  • ငါ့ အနားကို မလာကြပါနဲ့ ကွာ။ ငါ တစ်ယောက်တည်း နေပါရစေ။
  • မင်း စိတ်လိုက်မာန်ပါ လျှောက်မလုပ်ပါနဲ့ ကွာ။ မင်း အခု ဘာဖြစ်ချင်လည်း ပြော။ ငါတို့  အကုန်မင်းဘေးမှာရှိနေတယ်။
  • လောလောဆယ်တော့ ငါ တစ်ယောက်တည်း နေချင်တယ်ကွာ။

 

( ၁၀ ) 

သန့် ဇင်သည် တောင်ကုန်းလေးပေါ်သို့  တက်လာမိခဲ့သည်။ လေးက အေးစိမ့်နေသည်။ မှောင်သော ညမို့  လမ်းအကျယ်ပင်ဖြစ်လင့်ကစား စမ်းတ၀ါးဝါးပင်ဖြစ်နေသည်။ သြော်….သည် မှောင်သောည ပင်လျှင် စမ်းတ၀ါးဝါး ဖြစ်နိုင်သေးသည်။ သူ၏ ဘ၀မှာကား လမ်းပင်ပျောက်ချေပြီ။ သွေးအဖြေက အိပ်ခ်ျအိုင်ဗွီ ပေါ့စတစ်တဲ့။ မျက်စိထဲ ဦးစွာမြင်ယောင်မိသည်က မိခင်ကြီး။ သူမ၏သား သည်ဘ၀ သည်လို ဇာတ်သိမ်းမှန်းသိခဲ့လျှင်…ထိုအတွေးကို ဆက်မတွေးရဲတော့ ချေ။ သဗ္ဗေသတ္တာ ကမ္မသကာ တဲ့လား။ သည်ကံကို ဘယ်လိုဖြေရမည်နည်း။ သူလုပ်ခဲ့သည့်ကံကို ယခုသူခံရတော့မည်။ သြော် ဘ၀ဟူသည်ကား ကြောက်ဖွယ်လိလိပါလား။ ရင်တွင်းမှ အပူမီးသည် ကြီးစွာတောက်လောက်နေသည်။ မိုးငွေ့ ပါသော တောင်ပေါ် လေအေးသည်လည်း သူ၏ ရင်တွင်းမှ အပူမီးကို သက်သာရာ မဖြစ်နိုင်ပေ။

 

မိသားစု၊ ဆွေးမျိုးအသိုင်းဝိုင်း တစ်ခုလုံး ဂုဏ်သိက္ခာကျဆင်းမည့် အရေး၊ သူ့ အပေါ် မျှော်လင့်ချက်ထားလေသော မိတ်ဆွေ သူငယ်ချင်းများကို သူ မည်သို့ ရင်ဆိုင်ရမည်နည်း။ သည်အတွေးက ရင်ဘတ်တွင် မခံနိုင်အောင် ပူလောင်ပြင်းထန်သည်။ ကိုယ့်ကိုကိုယ် သတ်သေခြင်းသည်သာ အကောင်းဆုံးနည်းလမ်းဖြစ်မည်လား။ သတ်သေရန် နည်းလမ်းများကို သူစဉ်းစားကြည့်သည်။ မဖြစ်သေး၊ သေသည်ဆိုလျှင်လည်း ကျန်ခဲ့သည့်လူတွေ ပို၍ခံရစားရမည်။ မြွေပါလည်းဆုံး သားလည်းဆုံး အခြေနေမျိုးဖြစ်သည်။ ယခုသံတောင်ကြီးမှ ထိုင်းနိုင်ငံဘက်သို့  ထွက်ပြေးလျှင် ကောင်းမည်လား။ ဖြစ်နိုင်သည်၊ သည်အကြံမဆိုး။ သံတောင်ကြီး ဘောဂလိဘက်က ခြေလျှင်ခရီးသွားလျှင် ၁၀ ရက်အတွင်း ထိုင်းနိုင်ငံဘက်သို့  ရောက်နိုင်သည်။ အလွန်ဆုံး စစ်ပြေးဖြစ်ရုံသာလျှင် ဖြစ်မည်။ တပ်မတော်အတွက်လည်း သူလို ကုရာနိထ္တိ ရောဂါသည်က အကျိုးပြုနိုင်တော့မည် မဟုတ်။ မိသားစု အသိုင်းဝိုင်းအတွက်လည်း ကြီးစွာသော ၀န်ထုပ်ဝန်ပိုး ဖြစ်စေမှာ မလွဲပေ။ သူသည် ဆုံးဖြတ်ချက် ချလိုက်ပြီး အဆောင်ရှိရာသို့  အ၀တ်အထည်များ သိမ်းဆည်းရန်ထွက်လာခဲ့သည်။

 

သန်းခေါင်ကျော်လုပြီဖြစ်၍ အိပ်ဆောင်များသည် တိတ်ဆိတ်နေသည်။ ကော်ရစ်ဒါတစ်လျှောက် ထွန်းလင်းထားသော မီးတို့နှင့် အဝေး လမ်းမပေါ်ရှိ ကျွန်းသား အလင်းတိုင်ဆီမှ မှိန်ပြပြမီးရောင်ကလွဲရင် ၀န်းကျင်တစ်ခုလုံး ပိန်းပိတ်မှောင်နေသည်။ တောနေသတ္တ၀ါတို့ ၏ တွန်ကျုးသံနှင့် သစ်ပင် ၀ါးပင်များကို လေတိုးသောအသံတို့ က ညမှောင်မှောင်တွင် ခြောက်ခြားစရာအတိ ဖြစ်နေသည်။ သန့် ဇင်သည် တံခါးကို အသံမထွက်အောင် ထိန်းဖွင့်လိုက်ပြီး အခန်းအတွင်း ၀င်လိုက်သည်။ လက်နှိပ်ဓါတ်မီးဖြင့် လိုအပ်မည်ထင်သော အသုံးအဆောင် ပစ္စည်းတို့ ကို အိတ်ထဲထည့်လိုက်ပြီး သေတ္တာအတွင်းသို့  ကျည်ဆန်၊ မှန်ပြောင်း၊ သံလိုက်အိမ်မြှောင် စသည့် စစ်သုံး ကြီးကြပ်ကန့် သတ်ပစ္စည်းတို့ ကို အစီအရီထည့်ကာ သေတ္တာကို ခတ်လိုက်သည်။ အားလုံးပြင်ဆင်ပြီးသောအခါ စာရွှက်တစ်ရွှက်ကိုထုတ်၍ တပ်သို့  ပြန်အပ်ရန် မဖြစ်မနေလိုအပ်သည့် ပစ္စည်းများကို အညွှန်းနှင့်တကွ သေချာစွာ ဇယားဆွဲကာ စားပွဲပေါ်တင်ထားခဲ့ပြီး အိတ်ကိုဆွဲကာ အခန်းပြင်သို့ ထွက်လိုက်သည်။

 

အခန်းတံခါးကို ပြန်စေ့ခါနီး တစ်စုံတစ်ခုမေ့ကျန်သည်ကို အမှတ်ရပြီး အခန်းတွင်းပြန်ဝင်ပြီး ကုတင်ခေါင်းရင်း နံရံဘက်ဆီသို့  ကပ်လိုက်သည်။ မှောင်မဲနေသော်လည်း သူလက်စမ်းလိုက်သောအခါ နံရံတွင် ချိတ်ဆွဲထားသော ကတ္တူစက္ကူလေးကို ထိတွေ့ မိသည်။ သံတိုင်မှာ ချိတ်ထားသော ကြိုးလေးကို ဖြုတ်ကာ တစ်ဖက်မျက်နှာပြင်ကို လက်ဖြင့်ပွတ်လိုက်သည်။

ပလတ်စတစ်အပျော့ဖုံးအုပ်ထားသော ပန်ချီကား၏ မျက်နှာပြင်ကို သူ၏လက်ဖြင့် စမ်းလိုက်သော်လည်း သူ့ စိတ်တွင်မြင်ယောင်လာမိသည်မှာ ချိုသော အပြုံးနှင့် ပန်းနုရောင်ပြေးနေသည့် မျက်နှာတစ်ခုပင်ဖြစ်သည်။ ရပ်နေသော ခြေထောက်များသည် အားလျှော့သွားပြီး ဒူးများက ညွှတ်ကျသွားသည်။ မိခင်၏ အရိပ်မှ ထွက်လာကတည်းက သူသွားလေရာ ရောက်လေရာတွင် နည်းလမ်းအဖုံဖုံသုံး၍ ဆက်သွယ်ပြီး ဖေးမကူညီခဲ့သော၊ ငယ်စဉ်ကတည်းက သူ၏ဘေးတွင် အစဉ်ရပ်တည်ခဲ့သော သူမကို နှုတ်မဆက်သင့်ပေဖူးလား။ တစ်ခါပုန်းရှောင်ခဲ့ဖူးပြီ၊ ဒုတိယတစ်ခါဆိုလျှင်ကား သူမ၏စိတ်တွင် နာပေလိမ့်တော့မည်။ ဘ၀တစ်လျှောက်လုံး သံယောဇဉ်ကြိုးတို့ ဖြင့် ချည်နှောင်ခဲ့သည့် သူတို့ နှစ်ဦးတွင် နောက်ဆုံးနှုတ်ဆက်ခွင့်တော့ ရှိသင့်သည်။ သန့် ဇင်သည် အသက်ကိုပြင်းပြင်းရှုသွင်းလိုက်ပြီး ဖုန်းခလုတ်များကိုနှိပ်လိုက်သည်။

  • ဟလို
  • ဟယ် သန့် ဇင် မနက် ၂ နာရီကြီး ဘာဖြစ်လို့ လည်း
  • နွေးနွေး ငါ နင့်ကို နှုတ်ဆက်တာဟ

သန့် ဇင်…နွေးနွေးသည် သန့် ဇင်၏ နာမည်ကို အသံကို စွဲပြီး ခေါ်လိုက်ပြီး

  • နင် နင် ဘာဖြစ်နေတာလည်း ငါ့ကို ပြောပါဦး။ နင့်အသံကြီးက တစ်မျိုးကြီးပဲ။
  • သန့် ဇင်သည် သက်ပြင်းရှိုက်လိုက်ပြီး စိတ်ကိုတင်းကာ
  • ငါ တပ်ထဲမှာ မပျော်လို့  ထွက်ပြေးတော့မယ်။ အဲဒါ နင့်ဆီကို ဖုန်းဆက်ပြီးနှုတ်ဆက်တာ။ နင်နဲ့ ငါ တွေ့ ဖို့ မလွယ်တော့ဘူး။ ဒီဘ၀မှာ နောက်ထပ်ဆုံချင်မှတောင် ဆုံနိုင်တော့မယ်ထင်တယ်။
  • နင် ငါ့ကို နောက်နေတာလား၊ တကယ်ပြောနေတာလား။ ငါ့ကို ရင်မောအောင် မလုပ်ပါနဲ့ ဟာ။
  • နင်က ရင်မောတာဟ၊ ငါက ရင်တစ်ခုလုံး ပူနေပြီ။ ငါ့ရင်ထဲမှာ မီးတောက်နေပြီဟ အစ် အစ်

တိုင်တည်ရာမရှိချိန် ချုပ်တည်းထားသမျှသည် သူ့ အတွက် အမှန်ကန်ဆုံး တိုင်တည်၊ အားကိုးရာကို တွေ့ သောအခါ ထိန်းထားသမျှ သောက အပူမီးတို့ သည် ၀မ်းအတွင်းမှ လည်ချောင်းတစ်လျှောက် တက်လာပြီး ရှိုက်သံ အဖြစ်ထွက်လျှံ ကျလာသည်။

နှစ်ယောက်စလုံး စကားမပြောပဲ၊ ငြိမ်သက်နေခိုက် သန့် ဇင်သည် ရှိုက်သံက တစ်ချက် တစ်ချက် သိသာစွာ ထွက်ပေါ်လာသည်။

  • ငါမှာ အိတ်ခ်ျအိုင်ဗွီ ပေါစတစ် တဲ့ နွေးနွေး။ မနေ့ က ဆေးစစ်ချက် အဖြေသိရတယ်။

အို……………နွေးနွေးသည် ဘာမှပြန်မပြောနိုင်ပဲ ရုတ်တရတ် အာမေဋိတ်သံသာ ထွက်လာသည်။

  • ငါ အခု စဉ်းစားပြီးသွားပဲ။ အခုပဲ နယ်စပ်ကိုသွားမယ်။ အဲမှာ ရရာအလုပ် ၀င်ပြီး ခနရှောင်နေမယ်။ နောက်မှ သေချင်လည်း သေလိုက်မယ်ပေါ့ဟာ။ အခုချိန်မှာ ငါ ဒီရောဂါကြောင့်ဆိုပြီး လူတွေကို အသိမခံချင်ဘူး။ အထူးဖြင့် ငါ့ မြို့မှာပေါ့ဟာ။

ဖုန်းတစ်ဘက်မှ ရှိုက်သံ သဲ့သဲ့ကို ကြားရသည်။ နောက် နှပ်ညှပ်သံကိုလည်း ကြားလိုက်ရသည်။ နွေးနွေး ငိုနေပြီလား။ နွေးနွေးသည် ငိုခဲသည်။ တော်ရုံနှင့် မျက်ရည်ကျတတ်သူမဟုတ်။ သူရင်သည် ထိတ်သွားသည်။ ကိုယ်ကိုကိုယ် ယူကျုံးမရဖြစ်မိပြီး ခွင့်မလွတ်နိုင်အောင် ဖြစ်လာသည်။ ထိုအခါသည် သန့် ဇင်သည် ချုံးပွဲချ ငိုကြွေးမိတော့မိတော့လေသည်။ သန့် ဇင် ရှိုက်ကြီး တငင်ငိုကြွေးသံသည် တိတ်ဆိတ်သော အခန်းထဲတွင် ကျယ်လောင်စွာ ထွက်ပေါ်နေသည်။

အခန်းတံခါးကို လာခေါက်သံကြားရသည်။

  • သန့် ဇင် ….သန့် ဇင်….တံခါးဖွင့်ပါဦး။
  • သူငယ်ချင်း ငါ ဖုန်းပြောနေလို့ ပါ။ ဘာမှမဖြစ်ပါဘူး။ စိတ်မပူပါနဲ့။ မနက်မှ တွေ့ မယ်လေ နော်။
  • အော် ဖုန်းပြောနေတာလား။ အေးအေး။ ဖုန်းပြောပြီးရင် ပျော်အောင် အိပ်လိုက်ဦးနော်။
  • အင်း သူငယ်ချင်း

ထိုအခိုက် သန့် ဇင် ဟုနွေးနွေးခေါ်လိုက်သံက ဖုန်းထဲ ထွက်ပေါ်လာသည်။ အသံသည် လည်ချောင်းသံစွက်နေသော်လည်း တည်ငြိမ်နေသည်။ သန့် ဇင်သည်လည်း အားရအောင်ငိုလိုက်သဖြင့် အနည်းငယ်ပေါ့ပါးသွားသည်။

  • နင် ရန်ကုန်ကို ပြန်လာခဲ့ရမယ်။

သည်အသံကား နှစ်သိမ့်သံမဟုတ်။ အမိန့်သံဖြစ်သည်။ နွေးနွေးထံမှ ပထမဆုံးကြားဖူးသော အမိန့် သံဆိုလည်း ဟုတ်သည်။ သည် အမိန့် ကို သူ ဘယ်လို ငြင်းပယ်နိုင်ပါမည်နည်း။

  • နင်က နင်လုပ်ခဲ့တာတွေအတွက် နောင်တမရတတ်တဲ့သူ။ လုပ်ခဲ့တဲ့အရာတွေကိုလည်း တာဝန်ခံရဲတဲ့သူ၊ တာဝန်ယူနိုင်တဲ့ လူတစ်ယောက်ပဲ သန့် ဇင်။ အခုမှ ဘယ်လိုဖြစ်ပြီး ရှောင်ပြေးဖို့  ကြိုးစားချင်ရတာလည်း

သန့် ဇင်သည် ရင်သည် လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။ ရင်သည်သာမဟုတ် စိတ်နောက်ကိုယ်က လိုက်ပြီး ခေါင်းသည်မော့လာသည်။

  • ငါ နင့်ဘေးမှာ အမြဲရှိတယ်၊ သန့် ဇင်။ ပြီးတော့ ဒါကလေ ရှက်စရာလည်း မဟုတ်ဘူး သိရဲ့လား။ ရောဂါပိုးရှိတဲ့သူကို ကြောက်စရာလည်း မလိုဘူး။ နင် ငါရှိတဲ့ ရန်ကုန်မှာပဲနေရမယ်နော်။ တပ်မှာနေလို့  မရတော့ဘူးဆိုရင် တိုက်ခန်းငှားနေလိုက်ပေါ့။
  • ရပါတယ်ဟ။ ငါတို့  တပ်မတော်က  အဲလိုမလိုတော့တာနဲ့  ကန်ထုတ်မပစ်ပါဘူးဟ။ ရိပ်သာမှာပဲ နေချင်လည်း ရပါတယ်။
  • အင်း အလုပ်ကိုလည်း ငါရှာပေးမယ်။ ငါ့မှာ အဖွဲ့ အစည်း အဆက်သွယ်တွေရှိတယ်။ နင်လို  အင်ဂျင်နီယာတစ်ယောက်၊ ကွန်ပျုတာလည်း ကောင်းကောင်းသုံးနိုင်တယ်၊ အတွေးအခေါ်လည်းရှိတယ်ဆို လစာကောင်းကောင်းတောင်ရတယ်။
  • လစာက အရေးမကြီးပါဘူးဟာ။
  • အော် အရေးမကြီးဘူးဆိုတော့ ဘယ်ဟုတ်မလည်းကွယ်။ နင် ဆေးဝယ်သောက်ရမယ်လေ။ နင် သက်တမ်းစေ့ နေနိုင်အောင် ငါ ကြိုးစားမယ်။ နင့် တစ်ခြားဘာမှ တွေးမနေနဲ့ ။ နင် ၀ါသနာပါတဲ့ စာရေး၊ စာဖတ်လည်း သေချာ ဇောက်ချပြီး လုပ်နိုင်မယ်။ ပြီးတော့ ငါနဲ့ အတူ အရင်တုန်းကလို သီချင်းတွေပြန်ဆိုကြတာပေါ့။
  • နွေးနွေး နင် ဘာလို့  ငါ့အပေါ် အဲလောက်ကောင်းရတာလည်း

နွေးနွေးဘက်မှ အသံသည် ခဏတိတ်သွားပြီး

  • နင် မေးခွန်းက ခက်တယ်ဟ။ ဘုရားပဲ ဖြေနိုင်တဲ့ မေးခွန်းတွေ မမေးပါနဲ့ ဟာ။
  • မိုးတောင် လင်းတေ့မယ် နွေးနွေးရဲ့။ ဟိုးတောင်စောင်းပေါ်မှာ အလင်းရောင်တွေ ထွက်လာပြီ သိလား။ အရမ်းလှတာပဲ။ နေကိုတော့ မမြင်ရသေးဘူး။
  • ဟုတ်လား နင်လည်း အိပ်လိုက်ဦးလေ။ နိုးလာတဲ့ အချိန် ငါ့ဆီ ဖုန်းပြန်ခေါ်လိုက်နော်။
  • အင်း အခုတော့ ငါ့စိတ်က ပေါ့ပါးနေပြီသိလား နွေးနွေး။ ငါ အခုသိလိုက်ရတာဟာ ငါ့ ဘ၀မှာ အများကြီး လိုအပ်တာ မရှိဘူးဟ။ နင်ရယ် ငါ့ အမေရယ် ငါ့ဘေးမှာရှိရင် ငါ နေပျော်တယ်။ ငါ အားလုံးကို ရင်ဆိုင်နိုင်တယ်။
  • အင်း ဒါဆို နင် အဲဒီနှစ်ယောက်ရဲ့ ဝေးရာကို ထွက်မပြေးပါဘူးလို့  ငါကို ကတိပေးနိုင်မလား။
  • အင်း ပေးပါတယ်။ ဒီတစ်ခါ ဘယ်ကိုမှ မပြေးတော့ပါဘူးဟာ။ အခုက ဒုတိယနဲ့  နောက်ဆုံးဖြစ်စေရပါ့မယ်။
  • အဲလိုမှပေါ့ကွယ်။ ငါတို့ ကလည်း နင့်ကို ငါတို့ ရဲ့ မျက်စိအောက်မှာပဲ အမြဲမြင်နေချင်တာပါ။
  • အင်း ငါယုံပါတယ်ဟာ။ ဒါဆို ငါ အိပ်တော့မယ်နော်။ နိုးလာမှ ဖုန်းဆက်လိုက်မယ်။
  • နေဦး နေဦး။ ငါ့ကို သီချင်းတစ်ပုဒ် ဆိုပြပါလား ဟင်။
  • အင်း ဘာသီချင်း ဆိုရင်ကောင်းမလည်း

မိုးဦးဝင်ရောက်လာတဲ့အခါ ရိုးမပေါ် ဖြတ်ပျံရင်း

  • ကြည်လင်စွာ ထွက်ပေါ်လာသော နွေးနွေး၏ သီဆိုသံသည် ဖုန်းထဲမှ ထွက်ပေါ်လာသည်။ သူက နောက်မှ လိုက်ကာ

 

မြောက်ဘက်ကို ဦးတည်လှည့်ကာ သားဖေါက်ရာ အရပ်ဆီ မိုင်ထောင်ချီ ပျံလေပြီ။

 

သူ့ ၏ အသံဆုံးသည်နှင့် နွေးနွေးက ဆက်၍ အဆို သူကလည်း မနားပဲ ဆိုလေရာ အသံသည် ဖုန်းစပီကာခွက်မှ ပြိုင်တူထွက်ပါ်၍ လာလေသည်။

ကြိုးကြာငှက်တို့ ၏ မိုင်ထောင်ချီ ခရီးစဉ်……….။ မျိုးဆက်ရဲ့ အားမာန်တစ်ခုပါ လမ်းကြောင်းမှန် ရွှေးချယ်ခြင်း။ အများနည်းတူ သက်လုံမကောင်းရင် မွေးဖွားရာ အရပ်ဆီ မိုင်ထောင်ချီ ပြန်နေရင်း။ ကြိုးကြာငှက်တစ်ချို့လေ ချီလာစဉ် ကျန်ရစ်ပြီ။

ဆုံးဖြတ်ချက် တစ်ခုချမယ်၊ အရှုံးနဲ့  အောင်မြင်ခြင်းဟာ။ ရှိသင့်တဲ့ အားနဲ့  မာန် ဟန်နိုင်မှ။

အသံသည် အခန်း၏ အပြင်မှ သံပြိုင်ထွက်ပေါ်လာသည်။ မနက်ကြံခိုင်ရေးချိန် နီးလာပြီး အခန်းတွင်းမှ ထွက်လာပြီး တံခါးပေါက်မှ ချောင်းနားထောင်နေခိုက် သီချင်းဆိုသံကို ကြား၍ လိုက်ဆိုပေးကြသည်။ လက်ခုပ်သံလည်း ပါ၏။

ရိုးမပေါ် ဖြတ်ကျော်လွှားချိန် စီးလမ်းလေကြောင်းလွှာထဲ။ ချဉ်းနင်း ၀င်ရောက်လာပြီးရင် အားစိုက်၊ မျှောလိုက်နဲ့  မိုင်ထောင်ချီ ပြန်လေပြီ။ ကြိုးကြာငှက်တို့ ရဲ့ မိုင်ထောင်ချီ ခရီးစဉ်။ ဆုံးဖြတ်ချက် တစ်ခုချမယ်၊ အရှုံးနဲ့  အောင်မြင်ခြင်းဟာ။ ရှိသင့်တဲ့ အားနဲ့  မာန် ဟန်နိုင်မှ။

 

ပြီးပါပြီ။

 

ဇင်အောင်                                                                                                        ၁၂၊ ၃၊ ၂၀၁၂။

သမုဒယ ရေအလျှင် နှင့် မေတ္တာ သောင်ကမ်း ( ၁ )

Filed under: ဝတ္တုတို — zinaung @ 4:24 pm

( ၁ ) 

နေရောင်သည် အုံ့ ဆိုင်းနေသော သစ်ပင်များကြားမှ အနည်းငယ် ပြန့် ကျဲလျှက် အခန်းရှေ့ ကော်ရစ်ဒါ ပေါ်တွင်ကျရောက်လျှက် ရှိသည်။ ဒီဇင်ဘာ ဖြစ်သော်လည်း ရန်ကုန် ညနေခင်းသည် ပူနွေးဆဲပင် ဖြစ်သည်။ မင်္ဂလာဒုံလေတပ် အရာရှိရိပ်သာ တစ်ဝိုက်သည် သစ်ပင်ကြီးများ အုံ့ ဆိုင်းလျှက် ရှိသောကြောင့် တိတ်ဆိတ်သည်။ တိတ်ဆိတ်သည်ဟု ဆိုခြင်းမှာ ကားသံ၊ လူသံများ တိတ်ဆိတ်ခြင်းသာလျှင် ဖြစ်၍ အိပ်တန်းပြန် ငှက်တို့ နှင့် စောင့်မျှော်နေသည့် ငှက်ငယ်များ၏ ပျော်ရွှင်စွာဖြင့် ဆူဆူပူပူ လုပ်သည်များကိုမူ ကြားနေရသည်။ တစ်ချက် တစ်ချက်တွင် မြောက်လေအဝှေ့ သစ်ရွက်များ၏ ဟန်ချက်ညီစွာ လှုပ်ရှားမှု့ မှ ထွက်ပေါ်လာသော အသံများကိုလည်း ကြားနေရသည်။

 

သန့် ဇင်သည် အဆောင်မှ ထွက်ကာ အမှတ် (၅၁) ဘတ်စကားကို စီး၍ မြေနီကုန်းဘက်သို့  ထွက်လာခဲ့သည်။ မြေနီကုန်း မှတ်တိုင်သို့  ရောက်သောအခါ နေသည် စုန်းစုန်းမြုပ်သွားပြီ ဖြစ်လေသည်။ နေ၀င်သွားချိန်၌ ရန်ကုန်သည် အမျိုးစုံသော မီးရောင်တို့ ဖြင့် တစ်မျိုးတစ်ဖုံ လှပကာ ကျန်နေရစ်ခဲ့သည်။ မညီမညာသော အကွာဝေးတို့ ဖြင့် မောင်းနှင်နေကြသော ကွဲပြားခြားလှသည့် ကားများသည် ကတ္တရာလမ်း တစ်လျှောက် နေရာလွတ် မရှိအောင်ပင် များပြားလှသည်။ လူများသည် လည်း အဆောက်ဦးများ လမ်းဘေး ပလက်ဖေါင်းများ ပေါ်တွင် ပျားပန်းခတ်သကဲ့သို့  လူးလာ ခေါက်တုံ့ နေကြသည်။ သန့် ဇင်သည် အအေးဆိုင်တစ်ခု အတွင်းသို့  ၀င်ထိုင်လိုက်သည်။

 

အအေးတစ်ခွက်ကို မှာလိုက်ရင်း နံဘေးရှိ စားပွဲပုပေါ်တွင် တင်ထားသော မဂ္ဂဇင်းတစ်စောင်ကို ယူကာ ရုပ်ပုံများ လှန်လောကြည့်နေခိုက်

  • ငါကတော့ နင် မျှော်နေတာ လည်ပင်း ရှည်နေလောက်ပြီ ဆိုပြီး တက္ကစီတောင် ငှားပြီး အပြေးလာတာ နင်ကတော့ ငါနဲ့  ပက်သတ်ရင် အမြဲ အေးအေးဆေးဆေးပဲနော် သန့် ဇင်

သန့် ဇင်သည် ခေါင်းမော့ပြီး စာအုပ်ပေါ်မှကျော်ကာ ကြည့်လိုက်သည်။ နွေးနွေးသည် သူမ၏ ငယ်အကျင့်အတိုင်းပင်၊ လူ မရောက်သေးသော်လည်း အသံ အရင် ကြားရတတ်သည်။ သူမသည် သူနှင့် မျက်ချင်းဆိုင်မှ ထိုင်ခုံတစ်ခုကို ဆွဲယူ ထိုင်လိုက်ပြီး လက်ကိုင်အိတ်ကို စားပွဲပေါ်တင်လိုက်သည်။ နောက်ထပ် ဘာမှ မပြောတော့ပဲ သန့် ဇင်ကို စေ့စေ့ကြည့်ကာ ပြုံးနေလေသည်။

 

  • ဘာလည်းဟ နင်ကလည်း လာပြီ။ ငါ့ကို အဲလိုကြီး ကြည့်ပြန်ပြီ။
  • မဟုတ်ပါဘူးဟယ် နင်ဘာတွေ ပြောင်းလဲသွားလည်း သိချင်လို့  ကြည့်တာပါ။ ဖြစ်နိုင်ရင် ငါက မတ်တပ်တောင် ရပ်ခိုင်းချင်တာ အခုက ဆိုင်ထဲမှာ မကောင်းတတ်လို့ နော်။
  • အမလေး မတ်တပ် ရပ်ခိုင်းပြီးတော့ သေချာမကြည့်ပါနဲ့ ။ ကဲ အခုရော ငါ ဘာတွေပြောင်းလဲ သွားလည်း။
  • နင် အုန်းဆီ မလိမ်းတာ ကြာပြီ။ နောက် ဆေးလိပ်တွေ အရမ်းသောက်ဖြစ်တယ်။ သွားလည်း သေချာမတိုက်ဘူး။ ဟုတ်တယ်မှတ်လား။
  • ဟမ်…. တယ်ဟုတ်ပါ့လား နင်ဘယ်လို သိတာလည်း။ ပြောပြပါဦး။
  • နင့်ဆံပင်တွေက နည်းနည်း နီနေတယ်လေ။ နောက်ပြီးတော့ သွား မှာလည်း ဆေးလိပ် ချေးတွေ အများကြီးပဲ။ ငါ့ စကားကို နားကိုမထောင်ဘူး။
  • ဟားဟား နင် ဆရာဝန်လုပ်ဖို့  မကောင်းဘူး စုံထောက်လုပ်ဖို့  ကောင်းတယ် သိလား မိနွေး။ ဒါပေမယ့် ရောက်ရောက်ချင်းတော့ ဆောက်နဲ့  မထွင်းနဲ့ ။ နင် တရားဟောချင်ရင် နောက်မှဟော။ ငါ ပို့ စတင်က မင်္ဂလာဒုံမှာဆိုတော့ ရန်ကုန်မှာ ကြာကြာနေရမှာပဲ၊ နင်ကလည်း ရန်ကုန်မှာဆိုတော့ ဖြည်းဖြည်းမှ ဟော ဟုတ်ပြီလား။

နွေးနွေးသည် ပခုံးနှစ်ဘက် သိမ့်သိမ့်တုန်နေအောင် ရယ်လိုက်ပြီး

 

  • အေးပါကွယ် ငါ့သူငယ်ချင်းလေးက လူဆိုးလေး မဟုတ်ပါဘူး။ ငါ စနေနေ့ လည်နဲ့  တနင်္ဂနွေဆို အပါတ်တိုင်း အားတယ်။ ကြားရက်တွေကတော့ ဆေးရုံရယ် ညနေပိုင်းဆေးခန်းရယ်နဲ့ ဆိုတော့ နင့်ဆီ လာနိုင်မှာ မဟုတ်ဘူး။
  • အေး မနက်ဖြန် တနင်္ဂနွေဆိုတော့ ငါ ဈေးဝယ်ဖို့ ရှိတယ်ဟ။ အခန်းအတွက် လိုအပ်တာတွေ ရေချိုးခန်းသုံး ပစ္စည်းတွေ အကျီချိတ်တွေက အစပေါ့။ နင်လိုက်ခဲ့ပါလား။
  • အေး လိုက်ခဲ့မှာပေါ့ဟဲ့။ နင့်လို မအူမလည်၊ ဈေးဝယ်ရင် အားနာတတ်တာနဲ့  ခံရလိမ့်မယ်။ မနက်ဖြန် ငါလာခဲ့မယ်လေ။ မင်္ဂလာဒုံဈေးမှာ ဆိုတော့ နင်တို့  ရိပ်သာ ရှေ့ကပဲ စောင့်နေပေါ့ ဟုတ်ပြီလား။ အခုက မိုးချုပ်နေပြီ ငါ ချက်ဖို့  ပြုပ်ဖို့  ရှိသေးတယ်။ ပြန်ကြစို့ နော်။

ဆိုင်ထဲမှ ထွက်လိုက်ကြပြီး လမ်းပေါ်ရောက်သောအခါ

  • သွားလေ ငါ နင့်အဆောင်ထိ လိုက်ပို ပေးမယ်။
  • အမလေး စိတ်မပူပါနဲ့ ကွယ် ဒီအချိန် ဒီနေရာက ငါ အမြဲသွားနေကျ။ နင့်ကိုပဲ ကားပေါ်ထိ တင်ပေးမယ်။ ကြွ ကိုယ်တော် မှတ်တိုင်ကို။

 

*********                ************************                       **********

( ၂ )

 

  • တီ တီ တီ
  • ဟဲ လို…အေး နွေးနွေး
  • ဟဲ့ အခု ၈ နာရီ ထိုးနေပြီ မထသေးဘူးလား။ နင်ကလည်းနော် ငါ အခု ကားပေါ် ရောက်နေပြီ ထတော့လေကွယ်၊ အ၀တ်စားလဲပြီး ကားဂိတ်က စောင့်နေနော်။
  • ဟာ နင်ကလည်း အစောကြီးကို
  • ဟာ လုပ်မနေနဲ့  ထတော့။ နောက်ကျရင် ငါ နင့်အခန်းထိ ၀င်လာမှာနော်။ နောက် မိနစ် လေးဆယ်ဆို ငါ ရောက်ပြီ သိလား။

မိနွေးနွေး လုပ်လိုက်လျှင် သည်လိုချည်း ဖြစ်သည်။ ကားပေါ် ရောက်နေမှတော့ ဆက်အိပ်နေလျှင် မဖြစ်တော့။ သန့် ဇင်သည် အိပ်ရာမှ လူးလဲထကာ ရေးချိုးသည်။ အ၀တ်အစားလဲပြီးနောက် ရိပ်သာမှထွက်ကာ ကားလမ်းတစ်ဘက်သို့  ကူး၍ မှတ်တိုင်မှာ စောင့်ရင်း ဆေးလိပ် သောက်နေမိသည်။ နွေးနွေး ရောက်လာသော နှစ်ယောက်သား လဖ္ဘရည်ဆိုင်တွင် မနက်စား စားလိုက်ကြပြီး ထောက်ကြန့် စစ်သချုင်္င်းဘက်သို့  မှော်ဘီလိုင်းကားဖြင့် ထွက်လာခဲ့ကြသည်။

 

ထောက်ကြန့် ဘက်တွင်ကား ကျယ်ပြန့်သော လယ်ကွင်းများမှာ မျှော်မဆုံးနိုင်အောင် ရှိလှသည်။ ကတ္တရာ လမ်းငယ်များ၏ ၀ဲ၊ ယာ တစ်ဘက်တစ်ချက်စီတွင် ကြီးမားလှသော တံမာပင် ကုက္ကိုရ်ပင်များက အစီအရီ တည်ရှိနေကြသည်။ မြောက်လေတစ်သုတ် ဆင်းသွားချိန် လွင့်တက်လာသော ဖုန်မှုန့် များနှင့်အတူ သစ်ခြောက် ၀ါးခက်များက လေဟုန်တွင် ကခုန်နေကြသည်။ စိမ်းစိမ်းစိုနေသော သဘာဝ ဆီဆေးပန်းချီကား လယ်ကွင်းပြင်များကို ကျော်ဖြတ်ကာ တိုက်ခတ်လာသော လေသည် လတ်ဆတ် လွန်းနေသည်။ သန့် ဇင်သည် လက်နှစ်ဖက်ကို အပေါ်သို့  မြှောက်ကာ အသက်ကို ပြင်းပြင်း ရှုလိုက် ထုတ်လိုက် လုပ်နေသည်။

 

  • သန့် ဇင် ဒီဘက်လှည့် ဓါတ်ပုံရိုက်ပေးမယ်။
  • နွေးနွေး ငါ ဒီနေရာ မရိုက်ချင်ဘူး။
  • ဘာဖြစ်လို့ လည်း ဒီလောက်လှတာကို။ နင့်နောက်က စိမ်းနေတဲ့ လယ်ကွင်းကြီးကို နောက်ခံထားပြီး ရိုက်ပေးမယ်လေ။ နင်ဖေ့ဘွတ်ကနေ နိုင်ငံခြားရောက်နေတဲ့ သူငယ်ချင်းတွေကို ကြွားပေါ့ဟယ်။
  • အင်း ဟုတ်ပါတယ်။ ဟိုး လယ်ကွင်းထဲက တကုန်းကုန်နဲ့  လုပ်နေကြတဲ့ လူတွေ မပါဘူးဆိုရင်တော့ ငါ ရိုက်ချင်ပါတယ်။ ကိုယ်က ကျော့ကျော့မော့မော့ ကိုယ့်လူတွေက ကုန်ကုန်းကွကွ လုပ်နေတာနဲ့  တွဲပြီး ငါ မရိုက်ချင်ဘူးဟာ၊ ငါ စိတ်မလုံဘူး။

နွေးနွေးသည် ချိန်ထားသော ကင်မရာကို ပြန်ချလိုက်ပြီး တွေတွေလေး ငေးသွားသည်။

 

  • စက်မှု့ လယ်ယာတဲ့ သုံးလာတဲ စကားက ရွှေရတု တိုင်ခဲ့ပြီ။ အခု လယ်သမားကိုယ်စီမှာ နွားတောင် ကိုယ်စီ မရှိနိုင်သေးဘူး။
  • အင်း ဒါကလည်း သန့် ဇင်ရယ် လူတစ်ဦးနဲ့  တစ်ဦး ကံချင်းမှ မတူပဲဟာ။
  • တစ်ဦးနဲ့ တစ်ဦး  ကံချင်းမတူဘူးဆိုရင် ငါတို့ နိုင်ငံက သန်းနဲ့ ချီတဲ့ လူတွေဟာ ကံမွဲလို့ လား။ သတင်းစာထဲမှာ ကြေငြာထည့်နေကျ လက်တစ်ဆုပ်စာ လူတွေကရော ကံဆောင်လို့ လား။
  • သန့် ဇင်ရယ် နိုင်ငံတိုင်းမှာ လူတန်းစား ကွာဟမှု့ က အနည်းနဲ့ အများတော့ ရှိတာပဲ မဟုတ်လား။
  • အင်း နင် ပြောတာ ငါလက္ခံပါတယ် နွေးနွေး။ ငါတို့  နိုင်ငံရဲ့ ခေတ်အဆက်ဆက်က တော်လှန်ရေး သမားတွေ ၊ နိုင်ငံရေး သမားတွေရော အာဏာ လက်ကိုင်ရှိတဲ့ သူတွေကရော အားလုံးက ပြည်သူ အတွက်၊ အခြေခံ လူတန်းစား အတွက် အမြဲ ကြွေးကြော် နေကြတာပဲ၊ လုပ်ပြ နေကြတာပဲ။ ငါတို့  မြန်မာနိုင်ငံက ကျိမ်စာများ သင့်သလား တစ်ခါတစ်ခါ ငါ သံသယ ၀င်မိတယ် သိလား။
  • အဲလိုဟုတ်လို့ လား ငါသိတဲ့ အစိုးရ ဆိုတာကတော့ ခိုင်းစရာရှိတာ ခိုင်းမယ်။ ပေးစရာရှိတာကျ အပြည့်အ၀ မပေးချင်ဘူး။ အဲတော့ ကျန်တဲ့ လူတွေကလည်း ယူစရာရှိတာ အတင်း ယူရတာပဲပေါ့။
  • ဟားဟား.. နွေးနွေး နင်ပြောတာက ရိုးရိုးလေးနဲ့  ပြည့်စုံလွန်းတယ်ဟ သိလား။ ငါကတော့ အတွေးများတယ် တစ်ခုခုဆို အကျိုးနောက်မှာ အကြောင်းရှိတယ်။ ငါသိချင်တာ ရှိတယ် စုံစမ်းတယ် စဉ်းစားတယ်။
  • အင်း နင့်အကျင့်ကို ငါသိပါတယ်။ အခုရော ဘာတွေ စဉ်းစားမိလည်း ပြောပြပါဦး။

နွေးနွေးသည် လက်နှစ်ဖက်ကို ကိုယ်နောက်တွင် ယှက်ကာ ပြုံးပြီး နားထောင်နေဟန် ပြုလေသည်။ သူမ၏ အပြုံးသည် လှသည်။ လှသည်မှာ ချိုင့်ကလေးများပါသော ပါးနှစ်ဖက်ကြောင့်ပင် ဖြစ်နိုင်သည်။

  • အင်း နိုင်ငံတစ်ခုမှာရှိတဲ့ ပြည်သူလူထုအကြောင်း ပြောမယ်ဆို အဲဒီနိုင်ငံရဲ့  သမိုင်းတစ်လျှောက်ကို ပြန်ကောက်ပြီး ပြောရမှာပဲဟ။ ရှိခဲ့တဲ့ အစဉ်အလာတွေ၊ ဓလေ့ထုံးစံတွေ၊ အစွဲအလမ်းတွေ၊ ယုံကြည်ချက်တွေက အစပေါ့ဟာ နောက်ဆုံး အိပ်ရာဝင်ပုံပြင်တွေနဲ့  ဆိုးရိုးစကားတွေ ဘာသာရေး သြ၀ါဒတွေက အစ အားလုံးဟာ ပြည်သူလူထုရဲ့ စိတ်နှလုံးထဲမှာ စွဲနေတတ်တယ်။ ရှင်ဘုရင်က မောင်းထောင် ဆရာတော်ကို လယ်ယာမြေပိုင်ဆိုင်မှု့ တွေ အကြောင်း လျှောက်တော့ နိုင်ငံအတွင်းက လယ်ယာမြေတွေ အားလုံးကို ရှင်ဘုရင်က ပိုင်တယ်လို့  ဖြေထားတာ ဖတ်ခဲ့ဖူးတယ်။ တကယ်လည်း အဲလိုပဲလေ ဘုရင်က မြို့စား၊ နယ်စား၊ ရွာစားတွေ ခန့် ထားပြီး တောင်သူလယ်သမားတွေ ဆီကနေ အကောက်ခွန်ကောက်တယ်။ ကောက်ပြီးတော့ အဲဒီငွေတွေနဲ့  စစ်ရေးစရိတ်၊ နန်းတွင်းထဲက လူတွေရဲ့ အသုံးစရိတ်တွေ၊ ဘုရားတည် ကျောင်းဆောက်တာတွေကို သုံးခဲ့တာပဲ။ လူတွေက အဲဒီလို ထောက်ပံ့ပေးခဲ့ရယုံတင် မကပါဘူးဟာ လိုအပ်ရင် ရှင်ဘုရင်တွေရဲ့ ဂုဏ်သိက္ခာအတွက် စစ်တိုက်ပေးရတယ်၊ ရှင်ဘုရင်နဲ့  အုပ်ချုပ်သူ လူတန်းစားတွေရဲ့ အခိုင်းအစေ လုပ်ပေးခဲ့ရတာပဲ။
  • ဥရောပမှာဆိုရင် ၁၇ ရာစုလောက်ကပြီး မြေရှင် ပဒေသရာဇ်ကို တွန်းလှန်ခဲ့ကြပြီး အရင်းရှင် စနစ်ကို ကူးခဲ့ပေမယ့် ငါတို့  မြန်မာနိုင်ငံက ဘုရင်လက်ကနေ ကိုလိုနီ လက်ကို ပြောင်းသွားခဲ့တာပဲ ရှိတယ်။ အဲဒီတော့ မင်းမှု့ ထမ်း စနစ်ကနေ ကိုလိုနီ အုပ်ချုပ်ရေး စနစ်ပြောင်းသွားတာပဲရှိတယ် မင်းမှု့ ထမ်းတွေနဲ့  ပြည်သူလူထုကြားမှာရှိတဲ့ အုပ်ချုပ်ခံနဲ့  အုပ်ချုပ်သူလူတန်းစားကြားမှာရှိတဲ့ ပုံစံက ပြောင်းမသွားခဲ့ဘူး။ ငါပြောတာ နားလည်တယ် မဟုတ်လား အရင်က ဘုရင်နေရာမှာ နယ်ချဲ့တွေ ရောက်လာတယ်။ နယ်ချဲ့တွေက နယ်စား၊ ပယ်စားအချို့ကို လက်ဝေခံ အဖြစ်ချန်ထားတယ် နောက် မင်းမှု့ ထမ်းတွေ အစား ကိုလိုနီ အုပ်ချုပ်ရေးအတွက် လိုအပ်တဲ အုပ်ချုပ်သူ လူတန်းစားကို မွေးထုတ်ပေးတယ်ပေါ့။  
  • အေး နားလည်ပါတယ်ဟ ဆက်ပြောပါ။
  • အဲတော့ ချုပ်ပြီး ပြောရင်ဟာ မြန်မာနိုင်ငံက လူတွေရဲ့ ရင်ထဲမှာ ကျေးတော်မျိုး၊ ကျွန်တော်မျိုးဆိုတဲ့ ဆိုတဲ့ အရိပ်ဟာ မဖျောက်ဖျက်နိုင်ကြဘူး။ အုပ်ချုပ်သူ အစိုးရကို ကိုးကွယ်ချင်တယ်။ မကောင်းတဲ့ အဆိုးရဆိုလည်း ကံကြောင့်ပဲဆိုပြီး သည်းခံတတ်ကြတယ်။ ဒါကြောင့် ရန်သူမျိုး ငါးပါးထဲမှာ မင်းဆိုး ဆိုတာကို ထည့်ထားတာပေါ့။
  • နောက်ပြီး ကိုလိုနီအစိုးရက ငါတို့ နိုင်ငံကို စီးပွားရေး အမြတ်ထုတ်ဖို့ ပဲ လုပ်ခဲ့တော့ လူတွေက တရားမျှတရေး၊ လူ့ အခွင့်အရေးတို့ ၊ လုပ်ပိုင်ခွင့်တို့  ဆိုတာတွေကို မသိခဲ့ကြဘူး။ လွတ်လပ်ပြီးနောက် အစိုးရ အဆက်ဆက်ကလည်း ပြည်သူလူထုကို နိုင်ငံရေး အသိပေးဖို့  ဆိုတာထက် ခုတုံးလုပ်ဖို့ ပဲ ကြိုးစားကြတယ်။ သူတို့ တွေရဲ့ တိုင်းပြည်ကို စီမံအုပ်ချုပ်ပုံ ညံ့ဖျင်းတာတွေ၊ လွဲမှားတာတွေ၊ ပါတီကွဲ၊ အာဏာစွဲတွေကြားမှာ ပြည်သူနဲ့  တိုင်းပြည်က နစ်နာခဲ့တာပဲ။ လယ်ယာမြေတွေ အများကြီးရှိတဲ့ တိုင်းပြည်မို့  တောင်သူလယ်သမား၊ ဦးစားပေးတဲ့အခါပေး။ နောက် စက်မှု့  နိုင်ငံဖြစ်အောင် လုပ်လုပ်ဆိုပြီး စက်ရုံတွေတည်လိုက်ကြ။ နောက် တည်ဆောက်ပြုပြင်ရေး ဆိုပြီး ဆောက်လိုက်ကြ ဖေါက်လိုက်ကြ။ စိတ်ရူးပေါက်နေတိုင်း လုပ်နေကြတာကိုး။ ဟန်ချက်မှ မညီတော့ပဲ။ ပညာရေး အားပေးတယ်ဆိုတဲ့ အစိုးရရော တို့ နိုင်ငံမှာ မြင်ဖူးလို့ လား။ ရွှာမှာတောင် ခုရေတွင်းတူး ခုရေကြည်သောက်မရတာ သိကြတယ်။
  • အေးပေါ့ဟ သန့် ဇင် နင့်အတွေးကို ငါ လက္ခံတယ်။ နိုင်ငံတစ်ခု အနေနဲ့  မပြောနဲ့ ဟာ လူတစ်ယောက်တောင် ငွေဆို ငွေချည်း ရှာလို့ မရပဲ။ ပညာရှာရတယ်။ ပြီးတော့ မိတ်ဆွေ အပေါင်းအသင်းကောင်း ရှိရတယ်။ မိတ်ဆွေ အပေါင်းသင်းကောင်း ဆိုတာလည်း ကိုယ်က လိမ္မာရေးခြားရှိမှ ကျင့်ဝတ် သိက္ခာရှိမှ မဟုတ်လား။ ဒါမှ အလုပ်အကိုင် အခွင့်အလမ်းတွေရှိလာတာ။ အလုပ်ရှိရင်တော့ ငွေဆိုတာ လိုက်ရှာနေဖို့ တောင် မလိုဘူး။ ကိုယ့်အိတ်ထဲကို တိုးဝင်လာတာဲ့။ ဥပမာ ငါ့ကိုပဲကြည့်တော့ ဟားဟား။
  • ဟား ဟား။ ဟုတ်ပါ့ မိနွေးရယ်။ ငါကလည်း နင့်အိတ်ကပ်ထဲကို ငွေတွေဝင်လာမစဲ တသဲသဲကို ဖြစ်စေချင်တာ။ ငါ့မှာလည်း တစ်ခုခုဆို နင့်ကိုပဲ အားကိုးနေရတာ။
  • နောက် တစ်ခုပြောပြဦးမယ် ဖဆပလ လက်ထက်မှာ ပြည်တော်သာ စီမံကိန်းဆိုတာ နင်ကြားဖူးတယ် မဟုတ်လား။ အိမ်ထောင်စု တစ်ခုမှာ တိုက်တစ်လုံး ကားတစ်စီး ၀င်ငွေ တစ်ထောင် ၀င်အောင်လုပ်ပေးမယ်ဆိုပြီးတော့လေ။ ဆရာဘိုကလေး တင်အောင်ကတောင် သီချင်းတွေ ဘာတွေရေးခဲ့သေးတယ်။ အဲဒါနဲ့  ပက်သတ်တဲ့ မိန့်ခွန်းကို ၀န်ကြီးချုပ် ဦးနုက ၁၉၅၂ ခုနှစ်  အာဇာနည်နေ့  မှာပြောခဲ့တာပေါ့။ သူက မြန်မာမှာ လယ်ယာတွေ အများကြီးရှိတယ်၊ သစ်တွေဆိုလည်း တစ်ပြုံကြီး တွင်းထွက် ရတနာနဲ့  သတ္တုဆိုလည်း တစ်ပုံကြီးပေါ့။ အဲတော့ ဒီကိစ္စဟာ ဖြစ်နိုင်တယ်ဆိုပြီး ပြောခဲ့တာပေါ့။ နောက်ပိုင်း ဖြစ်မလာခဲ့တော့ သူအထ္ထုပ္ပတ္တိရေးတဲ့ အခါမှာ ပြန်ပြီး ဖြည့်ပြောခဲ့တယ်။ သုံးချက်ပေါ့ဟာ အဲဒါတွေက နိုင်ငံရဲ့ သဘာဝ သယံဇာတတွေ ပေါရုံနဲ့  မရပါဘူး၊ စီးပွားရေး စနစ်ကလည်း မှန်ကန်ကောင်းမွန်ရပါမယ်၊ နောက် လုပ်ငန်းအဆင့်တိုင်း ဌာနတိုင်းမှာ ကျွမ်းကျင်တဲ့ အုပ်ချုပ်သူတွေ အတတ်ပညာရှင်တွေ ရှိရပါမယ်၊ အဟမ်း အဟမ်း နောက်ဆုံး အချက်က သမ္မတကနေ အောက်ခြေ လူတန်းစားအထိ ကိုယ်ကျင့်တရား ကောင်းမွန်ပြီး သမာသမတ်ရှိရင် ဖြစ်နိုင်ပါတယ်တဲ့။

သန့် ဇင်သည် အဆုံးတွင် အသံရှည်ကြီးဆွဲပြီး အော်လိုက်သည်။ ပြီးတော့ အားရပါးရ ရယ်လိုက်သည်။

 

  • အယ် နင်ဘာတွေ ဖေါက်လာပြန်လာတာလည်း။ စကားကောင်းပြောနေရင်းနဲ့ ။
  • မဟုတ်ပါဘူးဟာ။ ဒါပေမယ့်ဟာ ဒါတွေကို တစ်ခြားလူတွေကို မပြောချင်ဘူး။ ပြောပြလို့ လည်း မရဘူး။ အဲဒါတော့ ငါ့ သူငယ်ချင်းလေးကိုပဲ ပြောပြရတာပေါ့။
  • အေးပါဟ။ ငါကလည်း နားထောင်ချင်ပါတယ်။ ဗဟုသုတ ရတာပေါ့။ နင် ဗိုလ်လောင်း တုန်းကလို စာတွေ ငါ့ဆီ မပို့ ဖြစ်တော့တာ ငါ စိတ်မကောင်းဘူး။ အရင်တုန်းကဆို မတွေ့ တောင် ဒီလိုတွေဆို နင်က စာရေးပြီး ပြောပြနေကြလေ။ တစ်ခါက ငါမှတ်မိသေးတယ်။ နင် တပ်ထဲက ဖုန်းနဲ့  ပြောပြီးမှ ကြောက်နေလိုက်တာများ၊ ဟားဟား ငါ အဲတုန်းက ရယ်လည်း ရယ်ချင်၊ စိတ်ကလည်း ပူနဲ့  သိလား။
  • အေး တော်တော့။ အခု ငါ မကြောက်တော့ဘူး။ အဟက်။
  • ပြောတာပဲ သန့် ဇင်။ နင်ကတော့ ပြောလိုက်ရင် ဓါးတောင်ကို ကျော်ပြီး မီးပင်လယ်ကို ဖြတ်မယ်ဆိုတာ ချည်းပဲ။ 
  • မဟုတ်ပါဘူးဟာ ဒီတောင် မောင်ဖြိုမယ် မြင့်မိုရ်မို့လား ပါ ဟား ဟား။
  • နင် ဖြိုနိုင်တယ်ဆိုတာ ငါ ယုံပါတယ်

သန့် ဇင်သည် နွေးနွေးကို ကြည့်လိုက်သည်။ နွေးနွေးသည် ညာဖက်လက်သီးဆုပ်လေးကို ဘယ်ဖက်ဝါးလေးဖြင့် တင်းတင်းဆုပ်ထားသည်။ သူမ၏ မျက်ဝန်းများတွင် ယုံကြည်မှု့ များကို တွေ့ ရသည်။ ယုံကြည်မှု့  သက်သက်သာ မဟုတ်ချေ ကြင်နာမှု့  အရိပ်ငွေ့ များသည်လည်း သတိပြုမိနိုင်အောင် လွှမ်းနေသည်။ ထိုယုံကြည်မှု့ များမှာ အရွှယ်မတိုင်ခင်ကတည်းက ရင်းနှီးခဲ့ကြသော ကြီးမားလှသော သံယောဇဉ် အရိပ်အငွေ့ များကြောင့် ပင်ထင်သည်။

 

သန့် ဇင်သည် ချက်ချင်း မျက်နှာကို လွှဲလိုက်ပြီး ဘောင်းဘီအိတ်ထဲမှာ ဆေးလိပ်တစ်လိပ်ကို ထုတ်ကာ မီးညှိလိုက်သည်။

နွေးနွေးသည် သူ့ အား ပြုံးပြုံးလေး ကြည့်နေတုန်းပင် ဖြစ်သည်။ သူမသည် ဘယ်သောအခါမှ အကြည့်လွှဲတတ်သူ မဟုတ်ပေ။ သို့ သော် မျက်တောင် ခတ်သည်မှာကား အလွန်မြန်သည်။ မကြာခဏ မျက်တောင် ခတ်တတ်သည်။

  • ကဲ လာ သန့် ဇင် စစ်သချုင်္င်းထဲ လမ်းလျှောက်ရအောင်။

ထောက်ကြန့် စစ်သချုင်္င်းသည် ဆောင်း၏ နေခြည်အောက်တွင် အိနြေ္ဒကြီးစွာ တည်ရှိနေသည်။ မြက်ခင်းပေါ်တွင် အပူပင်ကင်းစွာ အစာရှာရင်း ဆော့ကစားနေသော ငှက်လေးများကို တွေ့ ရသည်။ နွေးနွေးသည် သူ စကားစ ပြတ်သွားသည်နှင့် လက်ထဲသို့  ကင်မရာ ထိုးပေးကာ အုတ်တိုင် တစ်ခုကို မှီကာ ရပ်လိုက်သည်။ ပခုံးသားပေါ် ၀ဲကျနေသော အညိုရောင် ဆံပင်များသည် ပျော့ပျောင်း လွန်းသဖြင့် အနည်းငယ် လှုပ်ရှားလိုက်တိုင်း ၀ဲလွင့်သွားသည်။ ဖြူဝင်းသော မျက်နှာသည် ပန်းဆီရောင် ပြေးနေသည်။ အညာသူ ဖြူဖြူ ဖြစ်ပေမယ့် နေ အပူဒါဏ်ကြောင့် လက်မောင်းအဖျားမှ တံတောင်ဆစ် တစ်လျှောက် အနည်းငယ် ညိုနေသယောင် ရှိသော်လည်း တစ်ချက်တစ်ချက် လှစ်ဟာ သွားသော ခြေသလုံးသားများသည် ၀င်းဝင်း ဖြူလှသည်။ သူမသည် မ၀လွန်းသော်လည်း အရပ် အနည်းငယ်ပုသောကြောင့် ၀ သယောင်ယောင်ရှိသည်။ သူ သဘောအကျဆုံးမှာ သူမ၏ အပြုံးဖြစ်သည်။ ပါးချိုင့် နှစ်ဖက်ဖြင့် လှသော အပြုံးသည် အမြဲ တစ္ဆေကြင်နာမှု့ များ လွှမ်းနေတတ်သည်။ သြော် ဆရာဝန် ပေကိုး။

  • သန့် ဇင် နင် ချိန်နေတာ ကြာပြီနော်၊ ဒီမှာ ငါ အိုက်တင်လုပ်ရတ ရှက်လှပြီ။

သန့် ဇင်သည် သတိဝင်လာပြီးမှ ခလုတ်ကို သေချာနှိပ်မိတော့သည်။ ပန်းချုံများတစ်ဝိုက်တွင် လည်းကောင်း၊ အုတ်တိုင်များ ခြံရံထားသော လမ်းအလည်၌ လည်းကောင်း အပြန်အလှန် ရိုက်ပေးကြသည်။ ပြီးသောအခါ အရိပ်ရသော နေရာတစ်ခုတွင် ထိုင်ကာ ရှေးဟောင်း နှောင်းဖြစ်များ ပြောကြလေသည်။

နေအေးလာသောအခါ ဈေးဝယ်ရန် မင်္ဂလာဒုံဈေးဘက်သို့  ကားစီး၍ ပြန်လာကြလေသည်။

 

နွေးနွေးသည် ဈေးဝယ်ရာတွင် စေ့စပ်သည်။ စေ့စပ်သည်ဆိုခြင်းမှာ သေချာစွာသိ၍ ဆုံးဖြတ်နိုင်ခြင်းဖြစ်သည်။ ၀ယ်ခြမ်းလိုသော ပစ္စည်းများ၏ ခန့် မှန်းခြေ ဈေးနှုန်း အားလုံးနီးပါးကို သူမက သိသည်။ ဈေးနှုန်းသာ သိသည်မဟုတ်ပေ။ အရည်အသွေးကဘယ်လို၊ ဘယ်နေရာမှာ သုံးရင်ဖြင့်ဘယ်လို  စသည်ဖြင့် အသေးအဖွဲလေးကအစ ရှင်ပြပြီး လိုအပ်သည်များကို ကူညီဝယ်ခြမ်း ပေးလေသည်။

ဈေးဝယ်ပြီးသောအခါ ပစ္စည်းများကို ရိပ်သာတွင် ထား၍ ညနေခင်းပိုင်းတွင် နှစ်ယောက် အတူတူ ကျောက်တော်ကြီး ဘုရားသို့  တက်ကြလေသည်။ ကျောက်တော်ကြီး ဘုရား၏ ရှေ့တည့်တည့်မှ ကတ္တရာလမ်းသည် နေ့ အခါ၌ စုပ်ယူထားသော အပူငွေ့ များကို ညအခါတွင် ပြန်လည် ထုတ်လွှတ်နေသောကြောင့် လမ်းမထက်တွင် အပူရှိန်များက တငွေ့ ငွေ့ တက်နေလေသည်။

 

လမ်းမပေါ်တွင်ကား လူသည် မစည်ကားသော်လည်း မခြောက်သွေ့ လှပေ။ လမ်းဘေး ၀ဲ ယာ တစ်လျှောက်တွင် ပလတ်စတစ်စများ ခင်းကျင်းကာ ရောင်းချနေသော အရုပ်သည်များ၊ မျက်မှန်နှင့် ၀တ်စားဆင်ယင်ရာတွင် အသုံးပြုသော အသုံးအဆောင် ပစ္စည်း ရောင်းချသည့် သူများ နှင့် စားသောက်ဖွယ်ရာ ရောင်းချသည့် အထမ်းသည် များဖြင့် ပြည့်ကျပ်နေသည်။

 

သန့် ဇင်သည် ဓါးခြစ် ပန်းချီဆွဲနေသော နေရာတစ်ခုတွင် နွေးနွေးကို လက်တို့ ပြီး ၀င်ကြည့်လေသည်။ သူသည် ရေးဆွဲပြီး ခင်းကျင်းထားသော ဆေးရောင်စုံ ပန်းချီကားများကို တစ်ခုချင်း သေချာကြည့်နေခိုက် နွေးနွေးသည် ပန်းချီဆရာအား သူမ သဘောကျသော ပန်းချီကားတစ်ခုကို  ပြကာ ကူးဆွဲ ခိုင်းနေလေသည်။ ပုဂံရှေးဟောင်း ဘုရားပုထိုးများ၊ ပင်လယ်ကမ်းခြေများ၊ တောင်သမန်အင်းနှင့် ဦးပိန်တံတား စသည်တို့ ကို ဘလိတ်ဓါး အသွားလေးဖြင့် လျှင်မြန်စွာ ရေးခြစ်လိုက်မှာ အလွန်ပင် လက်ရာမြောက်လှသည်။ မြင်မြင်သမျှ လိုချင် တပ်မက်စရာချည်း ဖြစ်သည်။ ဟိုဟာ ကောင်းနိုး သည်ဟာကောင်းနိုး ရွှေးနေခိုက်။

  • သန့် ဇင် ဒီမှာ ငါ ဆွဲခိုင်းနေတာပဲ ယူလိုက်နော်၊ အမှတ်တရပေါ့ဟာ။ နှစ်ယောက်လုံး အတူတူဖြစ်အောင် နောက်တစ်ခု ထပ်ဆွဲပေးနေပြီ။
  • အေး အပြန်နောက်ကျနေဦးမယ်နော်။

ခုပြီးတော့မှာဟ မြန်တယ်ဟ သိလား။ ပြီးတော့ တစ်ပုံစံတည်း တူအောင် ဆွဲထားတာ တော်လိုက်တာ သိလား။

ပန်းချီဆရာသည် သူ၏အပြုံးကို အချိန်မှီအောင် ဖုံးလိုက်သော်လည်း မပီပြင်ပေ။ ပန်းချီဆရာသည ဆွဲပြီးသော ပန်ချီကားကို ခန လေ သလပ်ကာ၊ စေတနာထားပြီး ပလတ်စတစ် အကြည်စလေး ဖုံးထားသော ကဒ်ထူပြားလေး ကိုယ်စီထဲ ထည့်ကာ ပေးလိုက်သည်။

ဘုရားပေါ်တွင် နွေးနွေးနှင့် အတူတူ ပန်းကပ်လှု ဦးချပြီး၊ အချိန်လင့်မည်စိုးသဖြင့် ပြန်ဆင်း လာခဲ့ကြသည်။ နွေးနွေးအား သူမနေထိုင်ရာ မြေနီကုန်းရှိ အဆောင်ရှေ့ထိ လိုက်ပို့ ပေးသည်။ အဆောင်ရှေ့ရောက်မှ ကားဂိတ်ပြန်လိုက်ပို့ မည် ဆိုသည်ကို အတင်းငြင်းပြီး၊ အဆောင်ရောက်လျှင် ရောက်ချင်း ဖုန်းပြန်ဆက်ပါမည်ဟု ကတိ ထားခဲ့ရလေသည်။ နွေးနွေးက အိတ်ထဲမှ ပန်းချီ တစ်ချပ်ကို ထုတ်ယူလိုက်ပြီး အိတ်ကိုပေးလိုက်သည်။ သန့် ဇင်သည် လက်ပြနှုတ်ဆက်ပြီး ကားဂိတ်ဆီ ပြန်လျှောက်လာရင်း လမ်းမီးရောင်များကြားမှ ပန်းချီကားကို ထုတ်ကြည့်လိုက်သည်။

 

အစိမ်းရင့်ရောင်တောင်တန်းများထက် အပြာရောင်မိုးသားများကို နောက်ခံထားကာ ပျံသန်းနေသော ကြိုးကြာငှက် နှစ်ကောင်။ နှစ်ကောင် ဆိုသည်ထက် မောင်နှံစုံ ဆိုက ပို၍ သင့်တော်လိမ့်မည်။ ဘယ်လို မောင်နှံစုံလည်း။ မောင်နှင့် နှမလား။ သူငယ်ချင်းလား သို့ မဟုတ် ချစ်သူနှစ်ဦးပေလား။ သည်အမေးကို နွေးနွေးက မည်သို့  ဖြေမည်မသိပေ။ ပန်းချီဆရာ ဆိုလျှင်ရော ဘယ်လို ဖြေမလည်း။ သူကိုယ်တိုင်ရော၊ သူကိုယ်တိုင်လည်း မဖြေတတ်ပါ။

 

************                 ************************                **************

( ၃ )

 

ရန်ကုန်သို့  တာဝန်ဖြင့် ရွှေ့ ပြောင်း ရသည်မှာ ဤကား ဒုတိယအကြိမ်ပင် ဖြစ်သည်။ မင်္ဂလာဒုံ လေယာဉ်ထုတ်လုပ် ပြင်ဆင်ရေး ဌာနချုပ်ကြီးသည် ယခင်က မင်္ဂလာဒုံ ပြုပြင်ထိန်းသိမ်းရေး လေတပ်စခန်းဟူ၍ လူသိများလေသည်။ မြန်မာ တစ်နိုင်ငံလုံးတွင်ရှိသော လေတပ်စခန်း အသီးသီးမှ လေယာဉ်များကို အချိန် သတ်မှတ်ချက် အလိုက် အလုံးစုံ စစ်ဆေးရသော၊ ပြန်လည် ပြုပြင်ရသော (Overhaul) လုပ်ငန်းမျိုးကို အဓိကထား၍ လုပ်ဆောင်လေသည်။  မြန်မာ့ တပ်မတော် လေ၏ အင်ဂျင်နီယာ ကဏ္ဍတွင် အဓိကအားဖြင့် ဌာနကြီး လေးခုရှိသည်။ ၎င်းတို့ မှာ လေယာဉ် ကိုယ်ထည်နှင့် အင်ဂျင်ဌာနကြီး၊ လေကြောင်း လျှပ်စစ်နှင့် ချိန်ခွက်ဌာနကြီး၊ ရေဒီယို ရေဒါနှင့် အီလက်ထရောနစ် ဌာနကြီး နှင့် လေယာဉ် လက်နက်ဌာနကြီး ဖြစ်လေသည်။ သက်ဆိုင် ဌာနကြီးတို့ လက်အောက်တွင် ဌာနခွဲပေါင်းများစွာ ရှိသည်။ သန့် ဇင်သည် သူအထူးပြုလေ့လာခဲ့သော ဘာသာရပ်ဖြစ်သည့် လေကြောင်း လျှပ်စစ်နှင့် ချိန်ခွက်ဌာနကြီး လက်အောက်ရှိ ချိန်ခွက် ဌာနတွင် တာဝန်ထမ်းဆောင်ရသည်။

 

လေယာဉ် ချိန်ခွက် (instrument) ဆိုသည်မှာ လေယာဉ် ပျံသန်းနေစဉ် အတွင်း လိုအပ်သော တိုင်းတာမှု့ များကို တိုင်းတာပေးရသော ကရိယာများ ဖြစ်သည်။ ချိန်ခွက်များသည် အမြင့်ပေ၊ အမြန်နှုန်း၊ လေယာဉ် အနေအထား၊ အရပ်မျက်နှာ အစရှိသည်တို့ အား တိုင်းတာပြီး လေယာဉ်မှုးအခန်း (cockpit)တွင် တပ်ဆိုင်ထားသော ဒိုင်ခွက်များတွင် ဖေါ်ပြသည်။ လေယာဉ် ပျံသန်းချိန်အတွင်း၌ လေယာဉ်မှုးသည် ၎င်း ဒိုင်ခွက်များအား ကြည့်ရှု့ ၍ လေယာဉ်အား ထိန်းသိမ်းမောင်းနှင်ရသည်။

ပျံသန်းနေသော လေယာဉ်၏ အမြင့်ကို တိုင်းတာရာတွင် လေထုဖိအား(Air Pressure)ကို အခြေခံ၍ တိုင်းတာလေသည်။ အမြင့်ပေ တက်လာတိုင်း လေထုဖိအားသည် လျှော့ကျ လာလေလေဖြစ်သည်။ ထို့ ကြောင့် ပင်လယ်ရေမျက်နှာမှ လေထုဖိအားကို စံ အဖြစ်သတ်မှတ်ပြီး အမြင့်ပေ တိုးလာတိုင်း ကျဆင်းသွားသော လေထုဖိအား၏ ခြားနားမှု့ ကို တွက်ချက်ယူခြင်းဖြင့် တိုင်းတာသည်။ လေယာဉ်ပျံသန်းနေစဉ်အချိန်တွင်း လေထုဖိအား၏ ပမာဏကို အာရုံခံရာတွင် ပီတော့ ပြောင်း(Pitot tube)ကို အသုံးပြုသည်။ တိုက်လေယာဉ်များ၏ ရှေ့အစွန်းရှိနေသော ပီတော့ ပြောင်းအရှည်ကြီး(Pitot tube)သည် ပြင်သစ် အင်ဂျင်နီယာ အွန်နရီ ပစ်တော့ (1695–1771)က ၁၈ရာစု အလယ်ခန့် တွင် တီထွင်ခဲ့ခြင်း ဖြစ်သည်။ ပီတော့ ပြောင်း၏ ထိပ်တည့်တည့်တွင် အပေါက်တစ်ခုနှင့် ပြောင်းနံရံတွင် အပေါက်ငယ်လေးများ ရှိသည်။ ထိုပြောင်းနံရံဘေး အပေါက်ငယ်လေးများ(Static port)မှ လေယာဉ် တည်ရှိနေသော ၀န်းကျင်ရှိ တည်ငြိမ် လေထုဖိအား(Static pressure)ကို တိုင်းတာရယူပြီး ပင်လယ် ရေမျက်နှာပြင်မှ လေထု ဖိအားခြားနားမှု့ နှင့် နှိုင်းယှဉ်ကာ လေယာဉ်၏ အမြင့်ကို တိုင်းတာရယူသည်။

 

ပြောင်းထိပ် တည့်တည့်မှ ၀င်သော လေဖိအားသည် စုစုပေါင်း (Total pressure or Stagnation pressure)ဖိအားပင်ဖြစ်သည်။ နံဘေးတွင်ရှိသော အပေါက်ငယ်လေးများမှ ၀င်သော လေဖိအားကား တည်ငြိမ်ဖိအား(Static pressure)ဖြစ်သည်။ ပျံသန်းနေသော လေယာဉ်၏ အမြန်နှုန်း(Speed)သည် လေက လေယာဉ်အား ဖြတ်သန်းသွားသည့် အမြန်နှုန်းပင် ဖြစ်သည်။ ထို့ ကြောင့် ပကတိ လေယာဉ်အား ဖြတ်သန်းသွားသည့် အမြန်နှုန်း(Air speed)အားလိုချင်ပါက စုစုပေါင်း လေဖိအားထဲမှ တည်ငြိမ်ဖိအားကို နှုတ်ခြင်းဖြင့် ရရှိနိုင်ပေသည်။ တိုင်းတာရသော အချက်အလက်များအား စက်မှု့ နည်း ဒစ်ဂျစ်တယ် အီလက်ထရောနစ် နည်းများဖြင့် ချိတ်ဆက်ကာ လေယာဉ်မှုးအခန်းရှိ ဒိုင်ခွက်များတွင် ပြသထားလေသည်။ ဖိအား(pressure) အပူချိန်(temperature) အလျှင်(velocity) နှင့် သိပ်သည်းဆ(density)တို့ ၏ အချင်းချင်း အပြန်အလှန်ဆက်သွယ်သော ပုံသည်းနည်းများကို အသုံးပြု၍ ထို ဘေးနံရံရှိ အပေါက်ငယ်လေးများမှ အပူချိန်၊ သိပ်သည်းဆ၊ ဖိအား အစရှိသည်တို့ အား တိုင်းတာ၍ ရနိုင်သေးသည်။ ဤသည်ကား လေယာဉ် တိုင်းတာရေး ပစ္စည်းများ၏ မူလအစ အခြေခံသဘောတရားများ ပင်ဖြစ်သည်။

 

အင်ဂျင်နီယာ ဘာသာရပ်များသည် ခက်သယောင်နှင့် လွယ်သည်။ သို့ သော် တိမ်မယောင်နှင့် နက်လွန်းလှသည်။ အထက်တန်း ကျောင်းသားဘ၀က စဉ်းစားခြင်း တွေးတောခြင်းများကို ၀ါသနာထုံ၍ လိုက်လျှော ညီထွေရှိမည်ဟု ယူဆရသော အင်ဂျင်နီယာ လိုင်းဘက်သို့  လိုက်လာခဲ့သည်။ အချိန်တန် အရွှယ်ရောက်လာသောအခါ သူ ၀ါသနာထုံသော စဉ်းစားခြင်း တွေးတောခြင်းများသည် ဦးဏှောက်မှ မဟုတ်ပဲ နှလုံးသားသာ ပေါက်ဖွားလာသည်ကို သတိမူမိတော့သည်။ ထိုအခါ နှလုံးသားက တောင်းဆိုသော ခံစားနု အနုပညာဘက်သို့ သာလျှင် စိတ်အာရုံက လိုက်ပါ ကခုန်ကြလေသည်။ သူသည် မဖန်တီးနိုင်သော်လည် တိမ်းမူးသည်၊ ခံစားသည်။ ယုံယုံကြည်ကြည် နှင့်ပင် ဖြစ်သည်။

 

သန့် ဇင်သည် ရုံးဆင်းသည့် ညနေခင်းများတွင် လှည်းတန်း တစ်လျှောက်တွင် လဖ္ဘရည်ဆိုင်ထိုင်ရင်း ဖြူသော ချောသော ရန်ကုန်သူတို့ ကား ငေးမောသည်။ တစ်ခါတစ်ရံ ကန်ဘောင်ဘေးတွင် တစ်ဦးတည်း အလွမ်းသင့်နေတတ်သည်။ တစ်ခါတစ်ရံတွင် မြေနီကုန်း ပလာဇာများရှိ မှန်များကာရံထားသော ဆိုင်ခန်းများထဲမှ လူကုံထံတို့ ၏ အသုံးအသောင်ပစ္စည်းများကို လိုက်လံ ကြည့်ရှု့လေသည်။ ညပိုင်းများတွင်ကား အခန်းထဲတွင်ကုပ်၌ စာဖတ်ခြင်း၊ သီချင်းနားထောင်ခြင်း တစ်ခါတစ်ရံ အဖေါ်ကောင်းပါက ရိပ်သာတွင် ဘိလိယက်တို့ ခြင်းဖြင့်သာ ပျော်မွှေ့ ၍ နေလေသည်။

 

ရုံးပိတ်သော စနေ တနင်္ဂနွေနေ့ များတွင်ကား နွေးနွေးနှင့်အတူ ရှိသည်က များလေသည်။ နွေးနွေးသည် ရန်ကုန်တွင် အနေကြာပြီ ဖြစ်သောကြောင့် သူသွားလိုသော နေရာတို့ အား သူမမှပင် ဦးဆောင်၍ ခေါ်သွားသည်က များလေသည်။ သူမနှင့် အတူ ပန်းဆိုးတန်းလမ်းတလျှောက် စာအုပ် အဟောင်းဆိုင်များထဲတွင် ၀င်၍ မွှေနှောက်ကြသည်လည်း ရှိသည်၊ ရန်ကုန် ဆိပ်ကမ်းတွင် ညနေစောင်းဘက် သွား၍ ပင်လယ်ဝ၏ ရှု့ ခင်ကို ခံစားရင်း ဓါတ်ပုံရိုက်ကြသည်။ တစ်ခါတစ်ရံတွင် လေထန်ကုန်းတွင် တွေ့ မြင်လိုသော စာရေးဆရာ အနုပညာရှင်များကို စောင့်ကြည့်ကြသည်။ ပန်းခြံများထဲတွင် လမ်းလျှောက်ရင်း ငယ်ငယ်က အကြောင်းများကို စားမြုံ့ ပြန်ကြသည်လည်း ရှိ၏။  ဘုရားသွားသည့် တနင်္ဂနွေနေ့ ရက်များသည်ကား သန့်ဇင်အတွက် ကြီးစွာသော ဒုက္ခဖြစ်ရသည်။ သူမသည် မနက် ခြောက်နာအရောက် ရွှေတိဂုံတက်လိုသဖြင့် မနက်လေးနာရီကတည်းကပင် ထ၍ ပြင်ဆင်ရသောကြောင့် ဖြစ်လေသည်။

 

*************             ************************                   *************

( ၄ )

 

မြောက်လေသည် တဖြည်းဖြည်း ဆုတ်ခွာသွားချိန်တွင် သစ်ပင်ကြီးငယ်တို့ မှ သစ်ရွှက် သစ်ခက်တို့ သည်လည်း သက်တမ်းစေ့ ဇရာချိန်ရောက်ပြီ ဖြစ်၍ အိုမင်းခြင်း၏ ပုံသဏ္ဍာန်သို့  ကူးပြောင်း ကြကုန်လေသည်။ တစ်ချို့ကား ညိုမောင်းကြ ကုန်သည်၊ တစ်ချိုကား ၀ါဖန့် ဖန့်  ဖြစ်ကုန်ကြသည်။ တစ်ချို့ကား နီစွေးစွေး ဖြစ်ကုန်ကြလေသည်။ ခနော်နီ ခနော်နဲ့  ဖြစ်ကုန် လေသော ရိုးတံတို့ သည် ပင်လယ်ဘက်ဆီမှ တိုက်ခတ်လာလေသော မုန်သုန်လေနှင့် တစ်ခါတစ်ချက်တွင် အလစ် ၀င်ရောက်လာတတ်လေသော မိုးကြောင့် တွယ်ရစ်ခဲ့ဖူး လေသော ပင်စည်တို့ အား နှုတ်ဆက်ကာ ခွဲခွာ သွားကြလေသည်။

 

သန့် ဇင်သည် နွေဦး၏ ပူအိုက်သော ဒါဏ်ကြောင့် အခန်းအတွင်း မနေလိုသဖြင့် မင်္ဂလာဒုံဈေးဘက်သို့  ထွက်လာခဲ့လေသည်။ ညနေစာ ရိပ်သာမှ စားခဲ့ပြီဖြစ်၍ အေးအေးလူလူ ရှိသော လဖ္ဘရည်ဆိုင် တစ်ခုတွင် ထိုင်ကာ သီချင်းနားထောင်ရင်း အချိန်ဖြုန်း နေမိလေသည်။ တပ်ဆေးရုံ အ၀န်းအ၀ိုင်းနှင့် နီးသည်မို့  ထင်သည် ညဦးပိုင်း ရောက်လာသည်နှင့် ဆိုင်အတွင်းသို့  လူငယ် လူရွှယ်များ အလျှိုလျှို ၀င်ရောက်လာကြသည်။ လမ်းမပေါ်တွင်လည်း အင်တာနက်ဆိုင် စာအုပ်ငှားဆိုင်တို့ မှ ၀င်ချည် ထွက်ချည် ပြုနေကြသော လူများ ပို၍ ပို၍ များလာလေသည်။

 

သည်အချိန်ဆိုလျှင် နွေးနွေးရော ဘာလုပ်နေမည်နည်း။ ဆေးခန်းက ပြန်လာပြီး ပင်ပင်ပန်းပန်းနှင့်ပင် ချက်ပြုပ် နေမည်ထင်သည်။ နွေးနွေးသည် မတတ်သာသည့် အချိန်မျိုးမှာ သာလျှင် ထမင်းဆိုင်၌ စားတတ်သူဖြစ်သည်။ ဤသည်မှာလည်း စည်းကမ်းရှိသော သူမ အမေ၏ ပုံသွင်းမှု့ ကြောင့်ပင် ဖြစ်မည်ထင်သည်။ နွေးနွေး၏ မိခင် သူ၏ ဆရာမသည် နွေးနွေးကို ချစ်သကဲ့သို့  သူ့ အပေါ်လည်း သံယောဇဉ်ကြီးသည်။ သူမ၏ ဆရာမ သက်တမ်းတလျှောက် အတော်ဆုံး ကျောင်းသားဟု ချီးမွှမ်းခဲ့ပြီး သန့် ဇင်အတွက်လည်း သူ၏ ကျောင်းသားသက်တမ်း တစ်လျှောက် အကောင်းဆုံး သူနှင့် သဟဇာတ အဖြစ်ဆုံးမှာလည်း ထိုဆရာမပင်ဖြစ်သည်။ ထို့ ကြောင့်ပင် နွေးနွေးနှင့် သူသည် ကျောင်းနေဖက် သူငယ်ချင်း အားလုံးများထဲမှ သံယောဇဉ် ပိုခဲ့ တွယ်တာခဲ့ကြလေသလား။ ငယ်စဉ်က အကြောင်းများဆီ စိတ်က ရောက်သွားသောအခါ ရင်က လွမ်းလျှလျှ ဖြစ်သွားသည်။ ဆေးလိပ်တစ်လိပ်ကို မီးညှိလိုက်ပြီး ဖုန်းလေးကို ထုတ်ကာ စိုင်းထီးဆိုင်၏ စိတ်ညို့ရှင် သီချင်းကို စပီကာ ဖွင့်ပြီး စားပွဲပေါ်တင်လိုက်သည်။ ဆေးလိပ် မီးခိုးငွေ့ များကို ဖွာထုတ်လိုက်ပြီး သီချင်းနှင့် လိုက်ပြီး ညည်းလိုက်သည်။

သံယောဇဉ်ကြိုး နှောင်ဖွဲ့ တိုး ကိုယ်နဲ့  မင်းကြားမှာ သန့် ရှင်းတဲ့ အချစ်စ…. မောင်နှမသဘောမျိုး ဆိုခြင်းထက်တော့ မကဘူးနော်…..အိမ်ထောင်ရှင်ကြီး ပုံစံမျိုးကိုတော့လည်း စိတ်ထဲမှန်းလို့ မရသေးပါ……..နောက်နောင်မဖြစ်ဘူးလို့ လည်း အပြတ်တော့ မဆိုဘူးနော်……အိုးချင်းထားတော့ အိုးချင်းထိ..ကြိုးချင်းထားတော့ ကြိုးချင်းငြိတဲ့….. သဘောများ… လား.. ဟင်

 

သန့် ဇင်သည် ခါးကို တစ်ချက် ဆန့် လိုက်သည်။ ထိုင်နေသည်မှာလည်း နှစ် နာရီခန့် ကြာပြီ ဖြစ်သောကြောင့် ငွေရှင်းပြီး ဆိုင်မှထွက်လာခဲ့သည်။ လမ်း တစ်ဖက်ကူးပြီး သုံးမှတ်တိုင်လောက်ကို ကားမစီးတော့ပဲ လမ်း လျှောက်လာခဲ့လေသည်။ ပလက်ဖေါင်း နားကပ်၍ ဖြတ်မောင်းသွားသော ကားတစ်ချို့ ကြောင့် သူ၏ ပုဆိုးများသည်ပင် လေဟပ်သွားသည်။ သစ်ရွှက်ခြောက်နှင့် ကျွတ်ကျွတ်အိတ် အစနတို့ သည် လေပေါ်တွင် ၀ဲလွင့်၍ သွားလေသည်။ လေသည် သစ်ရွှက်များ အမှိုက်များသာ မဟုတ် သူ၏စိတ်နှလုံးကိုလည်း ဟိုမှသည် မြှောက်ချီ ပင့်ချီ လုပ်နိုင်စွမ်းရှိလေသည်။

  • အကို…အကို

အတွေးစများ ပြတ်သွားပြီး အသံကြားရသို့  စိတ်ကမသိလိုက်ခင်မှာပဲ လူကကြည့်မိသွားသည်။

အ၀ါရောင် ၀မ်းဆက်နှင့် ကောင်မလေး တစ်ယောက်။ ၀မ်းဆက် ဆိုသည်မှာ အကျီနှင့် စကပ်တွဲထားသော တစ်ဆက်တည်း ဖြစ်ပြီး၊ ခါးတွင် ခါးပတ်ပြား အနက်ကြီးကြီး ပတ်ထားသည်။ အကျီသာမဟုတ် လူကလည်း ၀င်းဝင်းဝါသည်။ မျက်ခုံးကောင်းကောင်း နှာတံပေါ်ပေါ်နှင့် လှသည်ဆိုသော မိန်းကလေးမျိုး ရန်ကုန်တွင် တွေ့ ရတတ်သည် မဆန်း။ ဆန်းသည်က သည်လို ညည့်အချိန် လူကျဲသည့် လမ်းပေါ်မှာ တစ်ယောက်တည်း။

  • အကို… ညီမ အကူညီတောင်းစရာ တစ်ခုရှိလို့ ပါ။

သန့် ဇင်သည် ဟုတ်မှ ဟုတ်ပါလေစ ဆိုပြီး သူမဆီသို့  လျှောက်မသွားပဲ ရပ်စောင့်နေသောအခါ  ထိုကောင်မလေး ကပင် သူ့ ဆီ လျှောက်လာလေသည်။

  • ဟိုလေ ညီမ မြို့ထဲကို ပြန်မှာ။ အဲဒါ ပိုက်ဆံအိတ် ကျပျောက်သွားလို့ ။ ဖုန်းကလည်း အိတ်ထဲမှာ ပါသွားတယ်။ အဲဒါ အိမ်ပြန်မလို့  တက္ကစီခ ချေးပါလား။ ညီမ မနက်ကျရင် ပြန်လာပေးပါ့မယ်။

တက္ကစီ အတွက်ဆိုလျှင် နည်းမည်မဟုတ်ပေ။ ဘတ်စကားခဆိုလျှင် နှစ်ရာလောက် ပေးလိုက်လျှင်ကား ရသေးသည်။ သည်အချိန်ကလည်း မြို့ထဲဝင်သည့် လိုင်းကားက ရှားသည်။

  • ဒါဆို တက္ကစီငှားကြည့်ပါလား။ အိမ်ရောက်မှ ပိုက်ဆံရှင်းလည်း ရတာပဲ။ ကားသမားကို ပြောပြရင် ရပါတယ်။

ကောင်မလေးသည် မျက်နှာသည် ငိုမဲ့မဲ့ ဖြစ်သွားသည်။ သန့် ဇင် စိတ်ထဲ၌လည်း မကောင်းဖြစ်သွားသည်။

  • မဟုတ်ဘူး ညီမကလေ အဆောင်မှာ တစ်ယောက်တည်းနေတာ။ ပိုက်ဆံကလည်း ပါသွားတဲ့ အိတ်ထဲက အကုန်ပဲ။ အဆောင်က သူငယ်ချင်းတွေဆီကလည်း ရုတ်တရတ်ကြီး ယူဖို့ က အဆင်ပြေရင် ဟုတ်တယ်လေ။ မဟုတ်ရင်…..
  • အင်း ဟုတ်ပါတယ်။ ဒါဆို ဘယ်လောက် လောက် လိုတာလည်း ညီမက
  • အင်း မင်္ဂလာဒုံကနေ ဆို ၇၀၀၀ ထောင်လောက်တောင်းတယ်။

သန့် ဇင်သည် ပိုက်ဆံအိတ် ထုတ်ကြည့်လိုက်သည်။ အိတ်ထဲမှာက သုံးထောင် ကျော်ကျော်သာ ထည့်ထားသည်။

  • ကဲ ညီမ…… အကို့  အိတ်ထဲမှာက သုံးထောင်ကျော်ပဲရှိတယ်။ အဆောင်ထိ လိုက်ယူမှပဲ ရမယ်။
  • ဟင် ဟုတ်လား…အကို့  အဆောင်က ဘယ်မှာလည်း ဝေးလား။
  • ရှေ့တင်ပဲ ဟိုးမှာ ဂေါက်သီးကြီးတွေ့ လား အဲနောက်က အဆောင်။
  • အော် လေတပ် အရာရှိရိပ်သာ မဟုတ်လား။ အကို့ ကိုတော့ အားနာပါတယ်။ ညီမလည်း အခက်ခဲဖြစ်နေလို့ ပါ။ နောက် အကို အခက်ခဲဖြစ်ရင်လည်း ညီမ ကူညီမယ်လေ နော်။
  • ဟုတ်ပါပြီ ကူညီချင်လို့ တော့ အခက်ခဲဖြစ်အောင် ဆုမတောင်းပါနဲ့  ..ဒါဆိုရင်တော့ လိုက်ခဲ့တော့။

ဂိတ်ဝရောက်သောအခါ သန့် ဇင်သည် သူမအား အတွင်းသို့  မ၀င်စေလို၍

  • ညီမ ဒီဂိတ်ကစောင့်နေပါလား။ အကိုအထဲဝင်ပြီး ပိုက်ဆံ ယူလိုက်ဦးမယ်။
  • အကို ညီမ တစ်ယောက်တည်း ဒီထိပ်မှာ မစောင့်ချင်ဘူး။ ရပါတယ် အကို့  အဆောင်ရှေ့ထိ လိုက်ခဲ့မယ်လေ။

ကောင်မလေးသည် သူ ပြန်ထွက်မလာသည်ကို စိုးသည်ထင်သည်။ ရေနစ်သည့် လူကကောက်ရိုးမျှင်ကို မလွတ်တမ်းဆွဲသည်မှာ သည်သဘောပင် ထင်သည်။

  • အင်း…ဒါဆိုလည်း လိုက်ခဲ့ပါလေ။

သန့် ဇင်၏ အခန်းသည် အဆောင်၏ အနောက်ဘက်အခြမ်း ထောင့်ဆုံးတွင် ရှိသော်လည်း အဆောင်မှာ ၀င်းကို ကျောပေးထားသောကြောင့် အနီးဆုံးပင် ဖြစ်နေသည်။ အခန်းရှေ့ရောက်သော် အခါ ခန စောင့်ဦးနော် ဟု ပြောပြီး အခန်းတံခါးဖွင့် သေတ္တာထဲမှာ ပိုက်ဆံ ၇၀၀၀ ထောင်ကို ရေတွက်ပြီးယူလိုက်သည်။ ထို့ နောက် အခန်းအပြင် ထွက်ကာ

  • အခန်းမှာက အကိုတစ်ယောက်တည်းမို့  ၀င် မထိုင်ခိုင်းတာနော်။ ၇၀၀၀ ဆိုရင် လောက်လား။ လိုများ လိုဦးမလား။ ကဲပါ မထူးပါဘူး အချိန်က ညည့်နက်နေပြီတော့ အကိုကိုယ်တိုင် တက္ကစီပေါ် တင်ပေးပါ့မယ်။

သန့် ဇင်သည် ကောင်မလေးနှင့် အတူ လမ်းထိပ်၌တက္ကစီကို စောင့်ပေးနေမိသည်။

  • အကို့  နာမည် ပြောဦးလေ
  • အင်း အကို့ နာမည်က သန့် ဇင်။ ညီမကရော။
  • ညီမနာမည်က နီနီဝင်း ပါ အကို။ တစ်မျိုးတော့ မထင်နဲ့ နော် အကို ညီမကိုမယုံရင် ညီမ လက်စွပ်ဖြစ်ဖြစ် ဆွဲကြိုးဖြစ်ဖြစ် ထားခဲ့ပါမယ်။
  • ရပါတယ်။ ဒါက ကူညီသင့်တဲ့ ကိစ္စပဲလေ။ အကို့  ညီမလေးဆိုတဲ့ သဘောနဲ့ ကူညီတာပါ။
  • မနက်ဖြန် လာပေးပါ့မယ်။ အကို့  ဖုန်းနံပါတ်လေး ရေးပေးထားပါလား။

သန့် ဇင်သည် အကျီတွင်ချိတ်ထားသော ဘောပင်ကိုထုတ်ကာ ရေးစရာ တစ်ခုခုရှာနေခိုက် သူမက လက်ကလေး ထိုးပေးလေသည်။

သန့် ဇင်သည် သူမ၏ လက်ကလေးကို သူ၏ ဘယ်လက်ဖ၀ါးပေါ်တွင် တင်လိုက်သည်။ လက်သည်း အရှည်များသည် ကော့ပျံ၍ နေသည်။ လက်ဖ၀ါးပေါ် ဖုန်းနံပါတ်ရေးရန် ညာဘက် လက်မြှောက်တင်လိုက်ချိန် သူမကလည်း အဆင်ပြေရန် တိုးကပ်လိုက်ချိန်တွင် သူမ၏ ရင်သားများနှင့် သူ၏ တံတောင်ဆစ်က ထိမိသွားသည်။ သူက အားတုံ့ အားနာ ဖြစ်ကာ ကိုယ်ကိုကျုံ့ လိုက်မိသည်။ ည၏ လေပြေသည် သူမကိုယ်မှ မွှေးရနံ့ များကို ဆွဲယူက သူ့ အား လွှမ်းခြုံလိုက်သည်။ သည်ကြားထဲ လက်ဖ၀ါးပေါ်မို့ ဖြစ်မည် မှင်က ချက်ခြင်းမထင်။ သူမက ကိုယ်ကို တိုးအကြည့် သူက ဘောပင်ကို အခါ ကိုယ်နှစ်ခုက ပို၍ တိုးကပ်သွားသည်။ သန့်ဇင်သည် အသက်ကို ခိုးပြီးရှုမိသည်။ သူ၏ ရင်သည်လည်း အနည်းငယ် မောလာသည်။ ထပ်ရေးသည် မထင်။ ထပ်ခါပြီး ရေးသည်။ မရ။ သူ တစ်ခြားနည်းလမ်း ရှာဖို့ လည်း စိတ်ကူး ၀င်မလာ။ သူ၏ ဦးဏှောက်သည် အလုပ် မလုပ်တော့ချေ။

 

ထိုအခိုက် နီနီဝင်းသည် တခစ် ခစ် ရယ်လေသည်။ နောက် အကျီလက်ကလေးကို ပင့်တင်ပြီး လက်ကောက်ဝတ်ပေါ် ရေးခိုင်းလေသည်။ မွှေးညှင်း ပေါက်ကလေးများဖြင့် ရှိန်းမြမြ ဖြစ်နေသော လက်ကောက်ဝတ်ပေါ်တွင် သူ၏ ဖုန်းနံပါတ်လေးများကို အစီအရီ ရေးပေးလိုက်သည်။ နှစ်ယောက်စလုံး ငြိမ်သက်သွားပြီး တခဏမျှ ကြာသောအခါ တက္ကစီတစ်စီးရောက်လာ၍ သူမသည် လက်ပြကာ ထွက်သွားလေသည်။

 

**********                    *********************      **********

ဒုတိယပိုင်း ဆက်ရန်

February 18, 2012

ဆောင်းဦး လေပြေ ( ဇာတ် သိမ်း )

Filed under: ဝတ္တုတို — zinaung @ 11:25 am

ဟိတ် မောင်လေး ဘာတွေလုပ်နေတာလည်း

သန့် ဇင်သည် သူမ အကြောင်းတွေးနေခိုက် သူမ၏ အသံကြားရသောအခါ အထိတ်တလန့် ဖြစ်ပြီး အရိုးမှ ကိုင်ထားသော နှင်းဆီပန်းကို ဖြတ်ခနဲ လွှတ်လိုက်သည်။ လက်ကိုပြန် အရုတ် ရိုးတံက အရမ်းနှင့် လက်တွင် နှင်းဆီ ဆူးတစ်ချောင်းက ကန့် လန်ဖြတ် ခြစ်မိသွားသည်။ လက်ညှိုးခုံပေါ်တွင် ဖြစ်သောကြောင့် ပါးလျှသောအရည်ပြားသည် စုတ်ပြဲသွားပြီး သွေးများ ပန်းထွက်လာသည်။ လက်သည် မြေကြီးများ ပေကျံနေသောကြောင့် ဒါဏ်ရာကို ချက်ခြင်းပိတ်ရန် မတတ်နိုင်ပေ။ သူမက မြင်သွားပြီး သွေးထွက်နေသော နေရာကို သူမ၏လက်ဖြင့်ပိတ်ကာ ဆေးခန်းအတွင်းသို့  အတူတူ လျှောက်လာသည်။ လက်မောင်းချင်းလည်း ထိမိကြသည်။ ခြေထောက်ချင်းလည်း ခိုက်မိကြသည်။

ဆေးခန်းသည် လူနာရှင်းနေသည်။ သူ၏ လက်ကို အရက်ပျံ ထည့်ပေး ဆေးထည့်ကာ ပတ်တီးလေး စည်းပေးနေသည်မှာ အနုစိတ်လွန်းသည်။ ကုလားထိုင်ပေါ်တွင် ထိုင်နေသော သူမနှင့် လူနာစမ်သပ်သည့် ကုတင်ပေါ်တွင် တင်ပါးလွှဲထိုင်နေသော သူသည် အလွန် နီးကပ်လွန်းနေသည်။ သူမ၏ ဒူးတစ်ဖက်သည် သူ၏ ဒူးနှင့်ထိနေသည်။ နှာသီးဖျားမှ ထွက်လာသော ပူနွေးသည်လေများသည် သန့် ဇင်၏ နှာခေါင်းအတွင်းသို့  တရစပ်တိုးဝင်လာသည်။ သန့် ဇင်သည် အသက်ရှုဖို့ ပင် မေ့နေမိသည်။

အရမ်းလှတဲ့ နှင်းဆီပန်းမျိုးဆိုရင် လူတွေက ဆူးကို သတိမေ့တတ်ကြတယ်။ နောက် သတိထားကိုင် နော်

အမက နှင်းဆီပန်း ကြိုက်လား

အင်း အမအချစ်ဆုံးပန်းက နှင်းဆီပန်းပဲ။ နှင်းဆီထဲမှာမှ ရဲရဲနီနေတဲ့ နှင်းဆီကို အကြိုက်ဆုံးပဲ။

ဟုတ်လား ဒါဆိုရင်တော့ အမကို ကျွန်တော် နှင်းဆီပန်း ပေးချင်တယ်။

သူမက ပြုံးလိုက်သည်။ ထိုအပြုံးမျိုးသည် တော်သော ကျောင်းသားတစ်ယောက်ကို စာမေးသည့်အချိန် လိုချင်သည့်အဖြေကို ဖြေနိုင်သောအခါ ပြုံးတတ်သော ဆရာမတစ်ယောက်၏ အပြုံးမျိုးသည် အနီးစပ်ဆုံးဖြစ်နိုင်မည်။

ဒါဆို အမ ဆေးခန်းပိတ်လိုက်မယ်၊ ခြံထဲက စောင့်နေနှင့်လေ။

ဟုတ်

သန့် ဇင်သည် အိမ်အပေါ်သို့  ပြေးတက်သည်။ လက်ဆေးပြီး ဆံပင်ကို ရေအနည်းငယ် ဆွတ်လိုက်သည်။ မှန်ရှေ့တွင် ဆံပင် ပုံစံကို အကောင်းဆုံးဖြစ်အောင် ပြင်ကြည့်လိုက်သည်။ ထို့ နောက် ကတ်ကြေး တစ်လက်ယူကာ ခြံထဲသို့ ဆင်းစာင့်နေလေသည်။

သူမ ရောက်လာသောအခါ အလှဆုံး ကြက်သွေးရောင် နှင်းဆီပန်းတစ်ပွင့်ကို ကိုက်ပြီး ပေးလေသည်။

တစ်ပွင့်တည်းပဲ ပေးမှာပေါ့ ဟုတ်လား

အမယူချင်မယ်ဆို တစ်ခင်းလုံး ပေးဖို့ လည်း အဆင်သင့်ပါပဲဗျာ။ ဒါပေမယ့် နှင်းဆီဆိုတာ တစ်ပွင့်အလှနဲ့  တစ်ပွင့် မတူဘူးလေ။ မတူတဲ့ အလှနှစ်ခုတွဲလိုက်ရင် ပိုလှမလာပဲ လျှော့သွားတယ်လို့  ထင်မိတယ်။

ဟုတ်တာပေါ့ ဒီနေရာမှာတော့ အမနဲ့  အမြင်ချင်းတူတယ်

မောင်လေးက ပန်းစိုက်တာ ၀ါသနာပါတယ်ပေါ့

ဟုတ်ကဲ့ ပါတယ် အစ်မ။ ပန်းမှ မဟုတ်ပါဘူး။ သစ်ပင်စိုက်ရတာကို ၀ါသနာပါတယ်။ ယုံကြည်မှု့ လည်း ရှိတယ်။

ဝါသနာပါတာတော့ ဟုတ်ပါပြီ။ ဒါနဲ့  ယုံကြည်မှု့ ဆိုတာ ဘယ်လိုယုံကြည်မှု့ မျိုးလည်း။

သစ်ပင် စိုက်တဲ့အခါမှာ စိတ်ရှည်ရတယ်လေ။ ဘယ်သစ်ပင်မှ ဒီနေ့ စိုက် ဒီနေ့  ကြီးမလာဘူး။ ချက်ချင်း ပွင့်မလာဘူး။ အဲဒီမှာ သန့့်စင်တဲ့ မျှော်လင့်မှု့  ပါလာပြီ။ မျှော်လင့်မှု့  ဆိုတာဟာ လူ့ ဘ၀ရဲ့ အလင်းရောင်ပဲ။ လူ့ ဘ၀ဆိုတာ သောကတွေ ငြီးငွေ့ မှု့ တွေ ဒုက္ခဆင်းရဲတွေ ပြည့်နှက်နေတယ်။ အဲကြားမှာ ပျော်ရွှင်မှု့ ဆိုတာက မျှော်လင့်ချက်ပဲ။ မျှော်လင့်ချက်တွေနဲ့  ဆယ်ယူရတာက ပျော်ရွှင်မှု့ ပဲ။

အမ မောင်က စကားတော်တော် တတ်ပါလား။ အမ ထင်ထားတာထက် ပိုတော်နေပြီ။

ပြောရဦးမယ် နောက် တစ်ခုက အချစ်…..အချစ်လည်း တူတူပဲ။

ဒီ ခေါင်းစဉ်က စိတ်ဝင်စားစရာ ကောင်းပြီပဲ ဆက်ပြောပါဦး ဆရာကြီးရဲ့

တော်ပြီဗျာ ဆရာကြီးလို့  မခေါ်မှ ဆက်ပြောမယ်

ကဲကဲ ဒါဆို ဘယ်လိုခေါ်ရမလည်း

အစ်မက ဘယ်လို ခေါ်ချင်တာလည်း

အမကတော့ အမစိတ်ထဲ ပေါ်သလို ခေါ်ချင်တာပေါ့နော်

ပြီးတာပဲ လေ  ဒါဆိုလည်း ခေါ်ချင်သလိုသာ ခေါ်တော့…. ဆက်ပြောမယ်   အချစ်ဆိုတာလည်း နှင်းဆီပန်းလေးလိုပဲ အမရဲ့။ နှင်းဆီပင်ဆိုရင် အပင်သေးသေးလေးကနေ စပြီး ပျိုးယူရတယ်။ နေ့ စဉ်ရေလောင်းရတယ်။ အကိုင်းလေးတွေ မတ်လာအောင်လည်း လိုအပ်ရင် ၀ါးခြမ်းပြားလေးတွေနဲ့  တည့်မတ်ပေးရတယ်။ ပိုးကိုက်တဲ့ အရွှက်တွေကို ဖယ်ရှားပစ်ရတယ်။ အဲဒီလိုပဲ အချစ်ဆိုတာလည်း ပျိုးရတဲ့ သစ်ပင်တစ်ပင်ပဲ။ ပျိုးတာမှလေ အမြဲဂရုတစိုက်နဲ့  တယုတယ ပျိုးယူရတယ်။ ဒါမှသာ အချိန်တွေကြာလာနဲ့ အမျှ အချစ်ကခိုင်မြဲလာမယ်၊ ကြီးထွားမယ်။ နောက်စစ်မှန်တဲ့ အချစ် ပန်းလေးတွေလည်း ပွင့်လာမယ်။

သန့် ဇင်သည် ပြောလက်စ စကားကိုရပ်ပြီး သူမကို ကြည့်လိုက်သည်။ သူမသည် သူပေးထားသော နှင်းဆီပန်းကို အသေအချာ ငုံ့ ကြည်နေလေသည်။ သူမ၏ဆံပင်များသည် ပါးပြင်တစ်ဝက်ကို ဖုံးလွှမ်းနေသည်။ အညိုရောင်သမ်းနေသော ဆံပင်ပျော့ပျော့များကြားမှ မျက်နှာတစ်ခြမ်းသည် ညမှောင်မှောင်တွင် ထွက်ပေါ်လာသော စမ်းစသော်တာ လိုပင်။ ပြိုင်ဘက်ကင်းစွာ ၀န်းကျင်တစ်ခုလုံးကို မင်းမူနေသည်။ ၀န်းကျင်တစ်ခုလုံးလား သူ၏ ရင်တွင်းတွင်လား။ သူ၏ ရင်တွင်းတော့ မဖြစ်ရပါ။ အလှသည် အလှသာဖြစ်သည်။ မည်သူမျှ ပိုင်ဆိုင်သော အလှမဖြစ်စေလို။ သူသည်လည်း မဆိုင်ဝံ့။ ရယူပိုင်ဆိုင်ခြင်းသည် စွန့် လွှတ် ဆုံးရှုံးရခြင်း၏ အစပင်ဖြစ်သည်ဟု သူယုံကြည်သည်။

သူမသည် ခေါင်းကိုစောင်းငဲ့ကာ

ဆက်ပြောလေ မောင်လေး။ အမ နားထောင်နေတယ်။

ဟုတ်…ကျွန်တော်ယုံကြည်တာကတော့လေ ချစ်ပြီဆိုတဲ့အရာကို ရင်ထဲက နင့်နင့်နဲနဲ ချစ်ဖို့ လည်းလိုတယ်။ ပြီးတော့ ရင်ထဲက ချစ်နေရုံနဲ့ လည်း မပြီးဘူး။ လူကလည်း ချစ်ပြရမယ်၊ လုပ်ပေးနိုင်ရမယ်။ ဒါက ချစ်သူဘ၀မှ မဟုတ်ဘူး။ နောက် လက်ထပ်ခြင်းဆိုတဲ့၊ ကလေးလေးလေးတွေဆိုတဲ့ နောက် မြေးလေးတွေ မြစ်လေးတွေဆိုတဲ့ ပန်းတွေ ပွင့်လာတဲ့အချိန်ထိ အချစ်ပန်းပင်ကို ဂရုစိုက်ဖို့ လိုတယ်။

ဒါဆို ဘယ်လောက် ဂရုစိုက်စိုက် ပွင့်မလာတဲ့ အပင်မျိုးဆိုရင်ရော

အင်း ဟုတ်တယ်။ အမ မေးတာ မှန်တယ်။ ဘယ်လောက် ဂရုစိုက်စိုက် ပန်း  ပွင့်မလာမျိုး။ နောက်အဲထက်ဆိုးတာက ပွင့်လာတဲ့ ပန်းဟာ အဆိပ်ပန်းဖြစ်နေတယ်ဆိုရင်တော့ အဲဒီသစ်ပင်ကို စွန့် ပြစ်လိုက်တာ အကောင်းဆုံးပဲ။ ဂစ်တာအိုတောင် ပျိုရွှယ်နေဆဲ တေးသံနဲ့  သီချင်းသစ်ဖြစ်သေးရင် အကြင်နာဆိုတာ ဒီတစ်ယောက်တည်းနဲ့  ပြီးရောလားတဲ့ ဟားဟား

သြော် သြော် မေမြို့သားကြီးဆိုတော့ မေမြို့မိုးကို သတိရနေပြီပေါ့လေ

မရပါဘူး အမရာ ရစလည်း မရှိဘူး။ ရှိဖို့ လည်း မကောင်းပါဘူး။ အစိုးမရပါဘူးလို့  ကြေငြာထားပါတယ်ဆိုမှ ဘာလို့  ယူနေတော့မှာလည်း။ ကျွန်တော့်လို သံယောဇဉ် ကြီးတတ်တဲ့သူအတွက် ကြာလာလေလေ အခက်တွေ လေလေပဲဖြစ်မှာ

ဟုတ်ပါပြီ အလွမ်း မင်းသားကြီးရယ်။ အဆွေးသမားကြီးရယ်

ဟာ အမ ကျွန်တော့်ကို နာမည် ဖျက်တာတွေ များနေပြီနော်။ ကျွန်တော်လည်း ပြန်ပြီးဖျက်ရမှ ဖျက်တော့မယ် ထင်တယ်။

အဲ…..အဲ…… မဟုတ်တာတွေတော့ မပြောနဲ့ နော်။ အကြီးကို အကြီးလိုပြောရမယ် ဒါပဲ။

မဟုတ်တာ မပြောပါဘူး။ ဟုတ်တာပဲ ပြောမှာပါ ကျွန်တော့်ရဲ့ စန်းစသော်တာ လေးရယ်

လှည့်ကြည့်လိုက်သော မျက်ဝန်းနှစ်ခု ဆုံသွားသည်။ ဖြူနုသောပါးပြင်သည် ပန်းနုရောင် အရိပ်ကလေး ဖြတ်ခနဲ ပြေးသွားသည်ဟု ထင်လိုက်သည်။ သူမသည် ရည်ရွှယ်ချက်မရှိ မျက်မှန်ကလေးကို ကိုင်လှုပ်ကြည့်လိုက်ပြီး

ကဲကဲ အမ နောက်ကျတော့မယ်။ ပြန်တော့မယ်။ ပြန်တော့မယ်။ မနက်ဖြန်မှ တွေ့ တာပေါ့နော်

လိုက်ပို့ ပေးချင်လို  မရဘူးလား အမ။

အိုခေ သွားကြတာပေါ့

သန့် ဇင်နှင့် သူမသည် ညနေတိုင်းနီးပါး စကားပြောဖြစ်ကြသည်။ ဆေးခန်း ပိတ်ချိန်တိုင်း သူမ၏ နေအိမ်သို  လိုက်ပို့ ပေးသည်။ တစ်ခါတစ်ရံတွင် သူမနှင့် အတူ တရုတ်တန်း၌ မြေအိုးမြှီးရှည်စားကြသည်။ တစ်ခါတစ်ရံတွင် ဂေါဝိန်ဆိပ် တစ်လျှောက် ဆိုင်ကယ်ဖြင့် ပတ်ကြသည်။ သူမ  ဂျုတီမရှိသည့် နေမျိုးတွင် မန္တလေးတောင် တက်ကြသည်။ ဦးပိန်တံတားလည်း ရောက်ဖြစ်ကြသည်။ စစ်ကိုင်းတံတားကိုဖြတ်ကာ ကောင်းမှု့ တော် ရွှေစာရံစေတီများဆီသို့ လည်း ဘုရားဖူးထွက်ကြသည်။

*****                        **************************                  ******

ခွင့်ရက်စေ့ပြီး မော်စကိုသို့  ရောက်သောအခါတွင် သူမထံသို့  မကြာခဏ ဖုန်းဆက်ဖြစ်သည်။ သန့် ဇင်သည် သူမထံသို့  လွမ်းဆွေးသမျှ ကြုံဆုံရသမျှ ကိုစာဖွဲ့ ပြီး လစဉ် စာတိုက်မှ ပို့ သည်။ သူမသည်လည်း မဟာသိပ္ပံစာမေးပွဲများ ရှိသည့်ကြားမှ နေ့ စဉ် အင်တာနက်သုံးကာ သူနှင့် စကားပြောလေသည်။ သူမ ပြောသည်များမှာ ဆေးရုံတွင် လူနာပါးသည့် အချိန်ပျင်းလျှင် သတိရတတ်ကြောင်း၊ သူမြန်မာသို့  ပြန်မရောက်မချင်း မြေအိုးမြှီးရှည် မစားတော့ဟု ဆုံးဖြတ်ထားကြောင်း၊ စာကျက်ရမှာ အလွန်ပျင်းကြောင်း၊ သူမထံသို့  ပို့ သည် စာများ ကဗျာများသည် ရှည်လွန်းကြောင်း၊ နားမလည်၍ ကျော်ဖတ်ရသည်က များနေကြောင်း တစ်နေ့  တစ်မျိုး မရိုးရလေသည်။ တစ်ခါတစ်ရံတွင် ရန်ဖြစ်ကြသည်။ တစ်ခါတစ်ရံတွင် စကြ နောက်ကြသည်။ တစ်ခါတစ်ရံတွင် အားပေး၊ ဂရုစိုက်ကြသည်။

သူ မြန်မာနိုင်ငံမှ ထွက်လာခါနီး ရေးပေးခဲ့သော ဆောင်းဦးလေပြေ ဆိုသည့် သူမ အကြောင်း ရေးထားသည်ကို အင်တာနက်ပေါ်တွင် မကြာခဏ ဖတ်ပြလေ့ရှိသည်

Autumn Breeze

သူမ ၀င်ရောက်လာတာက ဆောင်းဦးကျော်လွန်တဲ့ ကာလတစ်ခုမှာပေါ့၊

သူမက လေပြေ တစ်ခုလိုပါပဲ မမျှော်လင့်ပေမယ့် အချိန်ကျရင် ၀င်ရောက်လာတတ်တယ်၊

ပြီးတော့ အေးမြမှု့ တွေပေးတယ် ကြည်နူးလန်းဆန်းစေတယ်၊

ဒါပေမယ့် အချိန်ကုန်ဆုံးတဲ့အခါ ပျောက်ကွယ်သွားပြန်တယ်။

သူမရယ်သံတွေက လွင်လွင်လေးနဲ့  ချစ်စရာမကောင်းသလို ဆွဲဆောင်မှု့ လည်းမရှိခဲ့ပေမယ့်

ခပ်တိုးတိုး သူမရယ်သံကြားမှာ ဖြူစင်မှု့ တွေ လွှမ်းနေပါတယ်။

သူမ သုံးတတ်တဲ့နာမ်စားတွေ  ကလေးတစ်ယောက်လို မထီတရီအပြောတွေနဲ့ 

ခွင့်လွတ်စိတ်ကြီးမားတဲ့ သူမရဲ့ သဘောထားတွေက ကြမ်းတမ်းတဲ့ စိတ္တဇဆောင်းမှာ

သူမဟာ ကျွန်တော့်အတွက် ငြိမ်းချမ်းစေတဲ့ရင်ခွင်တစ်ခုဖြစ်ခဲ့ပါတယ်။

သူမက နွေးထွေးစေတယ် ကြည်လင်စေတယ် သောကတွေကို ကင်းဝေးစေတယ။်

ထို့ ထက်ပိုပြီး မနက်ဖြန်တိုင်းကို လှပစေခဲ့ယုံသာမက ပျောက်ဆုံးနေတဲ့ ကျွန်တော့်ကို ကျွန်တော်အား

ပြန်လည် ရှာဖွေ တွေ့ ရှိစေခဲ့ပါတယ်။

သူမသည် သူ့ အတွက် ဆောင်းဦးလေပြေလေး တစ်ခုဖြစ်ပြီး၊ အမှောင်ကြီးစိုးချိန်တွင် ထွက်ပြူလာတတ်သည် ဆန်းစ သော်တာ လေးလည်း ဖြစ်သည်။

************                 *************************                   **************

အအေးဒါဏ်ပြင်းထန်လှသော မော်စကိုဆောင်းနှင့် ရုရှားဘာသာစကာသင်တန်းကို သန့် ဇင်ကျော်ဖြတ်ပြီးချိန်တွင် သူမသည် အထူးကု ဆရာဝန်အဖြစ်နှင့် ရန်ကုန်ဆေးရုံကြီးသို့  ပြောင်းရွှေ့ သွားလေသည်။ သီးသန့် ဆန်လွန်းသော တိုင်းတစ်ပါးတွင် နေထိုင်ရသော်လည်း သန့် ဇင်သည် ပင်ပန်းသည်ဟု မထင်၊ စိတ်ဓါတ်ကျသည်ဟူ၍ မရှိ။ သူ၏ ဘေးတွင် အစဉ်သဖြင့် သူမရှိနေသည်ဟု ယုံကြည်သည်။ စိတ်ဓါတ်ကျမည့် အချိန်တိုင်း အချိန်နှင့် အမျှ အလုပ်လုပ်နေရသော စာကြည့်နေရသော သူမကို မြင်ယောင်မိတိုင်း အားအင်များ တက်ကြွလာရသည်။ သူသည် ရုရှားနိုင်ငံတွင် ရှိနေသော်လည်း သူစိတ်ထဲတွင် မြန်မာနိုင်ငံမှာကဲ့သို ပင် ခံစားရသည်။ သူ၏ စိတ်သည် သူမနှင့် မိုင်ထောင်ပေါင်းများစွာ ဝေးကွာနေသည်ဟု မခံစားရပေ။ ယခင်က ညနေတိုင်း စကားပြောရသလို ယခုလည်း ပြောရသည်။ မြင်ရသည်၊ ကြားရသည်။

ရေချိုးတိုင်း သူအော်ဆိုလေ့ရှိသည့် ဘယ်ဆီကိုရောက်လို့ လေ ဘယ်လောက်ပဲ ဝေးရလည်း ကိုယ့်ဘ၀ရဲ့ နေရာတိုင်းမှာ မင်းရှိတယ် ဆိုသော သီချင်းကိုပင် အခန်းကပ်လျှက်မှ ဗီယက်နမ် ကျောင်းသားက လိုက်၍ ညည်းနိုင်နေပြီဖြစ်သည်။ ၀မ်းလျှောသည့်အခါက ဖုန်းဆက်၍ သောက်ရမည့် ဆေးမေးသောအခါ ဓါတ်ဆား သောက်ခိုင်းသည်ကို ဖုန်းလိုင်း၏ ဖြည့်ဆည်းမှု့ဖြင့် ဆားဖျော်သောက်ပါဟု ကြားပြီး ဟင်းခတ်ဆားများ ကြိတ်မှိတ်သောက်ခဲ့သည်မျိုးလည်း ရှိသည်။ သူမ၏ ဂရုစိုက်ဖေးမမှု့ များတွင် နေထိုင်ရင်း တစ်ချိန်တွင် သူမ၏ ရင်ခွင်၌ ခုံလှုံခွင့်ရမည်ဟု သူ့ စိတ်ထဲက ယုံကြည်နေသည်။ စာတိုက်မှ ပေးပို့ သော သူ၏ စာများတွင်လည်း နွေကျောင်းပိတ်ရက် အလုပ်များတွင် တွေ့ ကြုံရသော နိုင်ငံခြားသား သူငယ်ချင်းများ အကြောင်း၊ နွေပိတ်ရက်တွင်ပင် အချိန်ပိုခေါ်သော ဆရာများ အကြောင်း၊ ဆီမပါ အနံ့ မပါသော ရုရှားအစားစာများ အကြောင်း နှင့် သူစိတ်ကူးယဉ်ထားသော ဘ၀တစ်ခု တည်ဆောက်ရန် ငွေစုနေကြောင်း တို့ ပါလာသည်။

********                     ***************************                    ***********

တဟူးဟူးနှင့် လည်ပတ်နေသော ကွန်ပျုတာမှ ပန်ကာသည် တိတ်ဆိတ်နေသည့် အခန်းကျဉ်းထဲ အပြည့်ဖြစ်နေသည်။ သန့် ဇင်သည် ကုလားထိုင်ပေါ်တွင် ဒူးပိုက်ထိုင်နေရာမှ မျက်စိကို တစ်ချက်ဝေ့ ကစားကြည့်လိုက်သည်။ ရေခဲသေတ္တာ၊ စာအုပ်စင်တို့ သည် အခန်းမျက်နှာကျက်မှ မီးဆိုင်း၏ အရောင်ဖြင့် နံရံများတွင် အရိပ်ထင်ဟပ်နေသည်။ အရိပ်များသည် တစ်ချို့နေရာတွင်ကား ပို၍ကြီးသည်၊ တစ်ချို့နေရာတွင်ကား ပို၍ သေးသည်။ အရာအားလုံးသည် တုပ်တုပ်မျှမလှုပ်ပဲ ငြိမ်သက်နေကြသည်။ အရိပ်များသည် နံရံရှိနေသောကြောင့် သာလျှင် တည်ရှိနေကြသည် မဟုတ်ပါလော။ ထို့ အပြင် အရိပ်များသည် ဆိုင်ရာအရာဝတ္ထုတို့ ၏ တည်ဆဲအခြေနေကိုသာလျှင် ပြသနေကြသည် မဟုတ်ပါလော။ ထိုသို့ ဆိုလျှင် သူ၏ စိတ်နှလုံး၌ ထင်ဟပ်နေသော အရိပ်အယောင်များသည် ထိုအရာများမရှိသည့်ထက်တိုင် မည်သည့်အကြောင့်မျိုးကြောင့် တည်ရှိနေသနည်း။

အတိတ်က အရိပ်များကို မြင်ယောင်သောအခါ ရင်သည်ပူလောင်သည်။ ဆုံးရှုံးရပြီဆိုသော နှမြှောတသခြင်းမျိုးထက် အစိုးရိမ်ကဲသော ပူပန်မှု့ က သာသည်။ ဆောင်းဦးတိုင်း ၀င်ရောက်လာတတ်သော သူမသည် အပြစ်ကင်းစင်လွန်းသည့် ကလေးတစ်ယောက်ပမာဖြစ်ပြီး မိုးပေါ်မှကျလာတတ်သည့် နှင်ပွင့်များပမာ ဖြူစင်လွန်းသည် သန့် စင်လွန်းသည်။ သူမ ဘယ်ဆီရောက်နေပါနည်း။ မည်သူ၏ရင်ခွင်၌ ခိုလှုံနေပါသနည်း။ အချိန်တန်လျှင် ခွဲရမည်မှန်း သိပါသော်လည်း သည်မျှ စောလိမ့်မည် မထင်။ ကမ္ဘာတစ်ဘက်မှာပျောက်သွားသော သူမကို မလာရောက်နိုင်သော သည်ကမ္ဘာတစ်ခြမ်းမှလူက မည်သို့  ရှာဖွေနိုင်ပါမည်နည်း။ နီးကပ်ခဲ့ချိန်တုန်းက ကြားလေပင် မသွေးနိုင်အောင် နီးစပ်ခဲ့သည်။ ယခုဝေးကွာသည့်အခါမှာကား ကမ္ဘာတစ်ဖက်နှင် တစ်ဖက် ဟူသော အသိက ရင်ကို ဗလောင်ဆူစေသည်။

မောင်လေး အမကို မင်းမေ့လိုက်ပါတော့။ အမဖုန်းနံပါတ်ပြောင်းလိုက်ပြီ မင်း ဖုန်းဆက်မှာမလိုချင်လို့ ။ အင်တာနက်မှာလည်း ထပ်မတွေ့ တာ အကောင်းဆုံးပဲ။ အမကို နားလည်ပေးပါ။

မယုံနိုင်။ မယုံနိုင်သောကြောင့် ရန်ကုန် ဆေးရုံကြီးမှ မိတ်ဆွေများကို ဖုန်းဆက်ပြီး စုံစမ်းခိုင်းသော အခါ အလုပ်မှ အပြီးထွက်သွားသည်ဟု သိရသည်။ အဖေ့ကို သူမ၏ဇာတိဖြစ်သော လင်းခေးအထိ တက်ပြီး စုံစမ်းခိုင်းသည်။ အဖေက ခေါင်းရမ်းသည်။ ကိုယ့်ကိုကိုယ် ဂရုစိုက်။ You must be strong ဟု အင်္ဂလိပ်လို ပြောသည်။ သိပါသည်။ ခေါင်းကြီးကြီးထားပါဟု ယဉ်ယဉ်ကျေးကျေးပြောသည်မှန်း။ ခက်သည်က သည်ကောင်က တစ်သက်လုံး နှလုံးသားက ကြီးလာခဲ့သည်။ သြော် သည်လူကိုမှ လုပ်ရက်နိုင်သည်။ စကားလုံးများက ရက်စက်လွန်းသည်။ သို့ သော် နောက်ဆုံးတွင် တောင်းပန်သံက စွက်နေသည်။ ရက်စက်ပါ၊ ရက်စက်နိုင်လွန်းရင် ရက်စက်ပါ။ ရက်စက်ပြီးမှ တောင်းပန်ဖို့ ရော လိုပါသေးလား။ ၀င်လာတုန်းက အတင်းတိုးဝင်လာခဲ့သည်။ ထွက်သွားချိန်ကျတော့လည်း အတင်းပင် ထွက်ပြေးသွားခဲ့သည်။ ဘယ်လိုရှာမှာလည်း။ ပျောက်သော သူသာလျှင် ရှာ၍ ရနိုင်ပါသည်။ ပုန်းသောသူ ပြေးသောသူကား ရှာ၍ ရနိုင်မည်မထင်။ ရတော့ကော၊ ဘာလုပ်ရပါမည်လည်။ မနေချင်၍မှ ပြေးသည်ဆိုတော့ ပြေးပါစေတော့။ အဝေးဆုံးသာ ပြေးပါ။ ပူလောင် ၀မ်းနည်းခြင်းသည် ရင်တွင်းမှ လည်ချောင်း တစ်လျှောက် တက်လာသည်။ မျက်တောင်ခတ်လိုက်သောအခါ မျက်ရည်ပူများက ပါးပြင်တစ်လျှောက် ကျဆင်းလာသည်။ နှပ်ရည်များက နှာရိုးမှတဆင့် တပြုံလိုက် အပြုံလိုက် ထွက်ကျလာသည်။ မငို သူမငိုချင်ပါ။ သူ့ ကိုချစ်သောသူများက သူ့ ကို ဘယ်သောအခါမှ ငိုအောင်လုပ်မည် မဟုတ်ဟု သူယုံကြည်သည်။ သူ့ ကို မချစ်သော ဂရုမစိုက်သော သူများကသာလျှင် သူ့ အား ငိုအောင် လုပ်ပေလိမ့်မည်။ ဤသို့ ဆိုလျှင် မချစ်သော သူအတွက် အဘယ်ကြောင့် မျက်ရည်ကျရပါမည်နည်း။ သူထိန်းသည် ခေါင်းကိုမော့လိုက်သည်။

**********                    ***************************                  *************

ပန်းနုရောင် ဇာပ၀ါခြုံလွှမ်းထားသကဲ့သို့  ချယ်ရီပန်းပင်များ စီးတန်စွာ ရှိနေသည့် လမ်းကလေးအတိုင်း ခင်နွေဦး လမ်းလျှောက်လာမိသည်။ သစ်ပင်စိုက်တာ ၀ါသနာပါသော ပန်းချီဆွဲတာ ၀ါသနာကြီးသော မောင်လေးသာ ရှိနေလျှင် ဆိုသော အတွေးက သူမ၏ ရင်ကို နာကျင်စေသည်။ ဒီဇင်ဘာလ မေမြို့တွင် ချယ်ရီပန်းများ ပွင့်ချိန်ဆိုလျှင် ခပ်လှမ်းလှမ်းက ထိုင်ငေးရတာ သဘောကျသည်ဟု ပြောသော မောင်လေးတစ်ယောက် ယ္ခုလို ဧပြီတွင် ပွင့်သော ချယ်ရီပန်းများကို မြင်လျှင် ဘယ်လို အတွေးအခေါ်တွေ ပြောဦးမည်မသိပေ။ ဆာကူရာ ဟုခေါ်သော ချယ်ရီပင်များနှင့် ချယ်ရီပန်းများသည် ဂျပန်နိုင်၏ သင်္ကေတဖြစ်ပြီး တစ်နိုင်ငံလုံးက အလေးအနက်ထားကြသည်။ ချယ်ရီပင်များကို ဂရုတစိုက် ပျိုးထောင်ထားကြသည်။ တဖြည်းဖြည်း ကြီးထွားလာသော သူမ၏ ရင်တွင်းမှ အချစ်သစ်ပင်လေးမှာမူကား စေတနာ စိတ်စောမှု့ ကြောင့် ပျိုးမှန်း မသိ ပျိုးမိခဲ့ရသည်။ သူမ သတိထားမိသည့်အချိန်တွင် အတော်ပင် ရင့်သန်ကာ နှလုံးအိမ်အတွင်း အမြစ်တွယ်နေခဲ့လေပြီ။

မေမြို့တွင် ပထမဆုံး စတင်ဆုံတွေ့ စဉ်ကပင် သူမ၏ ရင်ကို ထိတ်လန့် စေသော သူ့ ကို မထင်မှတ်ပဲ မန္တလေး ဆေးရုံတွင် ထပ် ဆုံစည်းခဲ့ရသည်။ စိတ်၌ ကပ်ညှိနေသော သူ့ ကို မလွန်ဆန်နိုင်သည့် အဆုံး ဘာမဆို တဇွတ်ထိုး ဖြစ်အောင် လုပ်တတ်သည့် သူမ၏ ဥာဉ်အတိုင်း ဆေးရုံ မှတ်တမ်းစာအုပ်ရှိ သူ၏ သူငယ်ချင်း လိပ်စာမှ တဆင့် သူနေထိုင်သော အိမ်ကို သိခဲ့ရသည်။ ဆေးရုံ အလုပ် ကျောင်းစာတွေကြားမှ မြို့သစ်လို အလှမ်းဝေးသော၊ အိမ်ခြေ ကျဲသောနေရာတွင် ဆေးခန်းဖွင့်ရန် ဆုံးဖြတ်ခဲ့ခြင်းမှာ သူနှင့် ဆုံဆည်းလိုမှု့  တစ်ခုတည်းသောကြောင့်ပင် ဖြစ်သည်။ သူမထက် အသက် ၁၀ နှစ်နီးပါးငယ်သော ကောင်လေးတစ်ယောက်နှင့် တွဲသွား တွဲလာလုပ်သောအခါ အသိုင်းအ၀ိုင်း လုပ်ဖေါ်ကိုင်ဖက်များက တီးတိုးတစ်ဖုံ ကွယ်ရာတစ်မျိုးပြောသည်ကို အမှု့ မထားခဲ့။ သို့ သော် ရင်နှင့် ရင်းပြီး ချစ်ရသော သူအပေါ်တွင်တော့ သူမ၏ တဇွတ်ထိုးမှု့ ကြောင့် မထိခိုက်စေလို။ ရင်ထဲက နင့်နင့်နဲနဲ  ချစ်ရတယ် တဲ့။ သူမ ချစ်ခဲ့ပါသည်။ ရင်ထဲမှ နင့်နင့်နဲနဲပင် ချစ်ခဲ့ပါသည်။ တစ်ချိန်က မောင်လေး ပြောသည်အတိုင်းပင် ချစ်သည်ကို ပြဖို့ ၊ လုပ်ပေးနိုင်ဖို့  ယခုကြိုးစားခဲ့သည်။ ရင်သွေးမလွယ်နိုင်သော မိန်းမတစ်ယောက်၊ ဆယ်နှစ်ကြီးသော မိန်းမတစ်ယောက်သည် အချိန်အတိုင်းအတာ တစ်ခုထိသာ အဖေါ်မွန်ကောင်း လက်တွဲဖေါ်ဖြစ်နိုင်ပါလိမ့်မည်။ ဘ၀တစ်ခုလုံး အနေဖြင့်ကား လွယ်ကူမည် မဟုတ်မည်ကို သူမသိပါသည်။ ထို့ ကြောင့် မပွင့်သည့် ပန်းကို မပျိုးစေလိုတော့ပါ။

ဇင်အောင်                                                                               ၁၄၊ ၂၊ ၂၀၁၂။

Next Page »

Blog at WordPress.com.