ကိုဇင်

September 10, 2015

လက်ကလေး

Filed under: ကဗျာ — zinaung @ 12:00 am

လက်သည်းမရှည် ဆေးရောင်မပါပေမယ့်
ပျော့ပျောင်းပြီး အရစ်ကလေးတွေရှိတယ်။

မျက်စိကို မှတ်လိုက်ပါ
နှာခေါင်းကို ဆွဲခဲ့တာလေး ပြန်အမှတ်ရမယ်

ဇွန်းလေးကို ကိုင်လိုက်ပါ
ပါးစပ်ဟဆိုတဲ့ အသံလေး ပြန်ကြားရမယ်

ပြက္ခဒိန်ကို လှန်လိုက်ပါ
ချိုးရေခဲ့တဲ့ လက်ချောင်းလေးတွေမြင်ယောင်ရမယ်

အကျီကို ၀တ်လိုက်ပါ
ကျယ်သီးတပ်ပေးဖူးတဲ့ လက်ကလေးပေါ်လာမယ်

မှန်ရှေ့ ရပ်လိုက်ပါ
ဘီးကိုင်ထားတဲ့ လက်ကလေးရောက်လာမယ်

မျက်နှာကို ပွတ်လိုက်ပါ
နှုတ်ခမ်းမွှေးစစ်ဆေးမယ့် လက်ကလေးရဲ့အထိအတွေ့ပြန်ရမယ်

ဆိုင်ကယ်ကို နိုးလိုက်ပါ
ခါးကိုလာဖက်တဲ့ လက်ကလေး သတိရလိမ့်မယ်

မျက်နှာ ညိုနေလား
ခါးကိုလာထိုးပြီး ရယ်အောင်လုပ်မယ့်လက်ကလေး ရောက်လာမယ်

ဆက်တွေးပြီး ငိုမလို့လား
မျက်ရည်သုတ်ပေးမယ့် လက်ကလေး မရှိတော့ဘူးလေ

April 27, 2011

ညီမလေး

Filed under: ကဗျာ — zinaung @ 11:30 pm

ခိုးခိုး ခစ်ခစ်

ကိုယ်လုံး သိမ့်တုန်

ရယ်သွမ်း သွေးတတ်သော

ညီမလေး…………….

မျက်ဆံလေး ဝေ့ပတ်

အပြုံးလေး သွေ့ လျှက်

ရှက်သွေး ဖုံးတတ်သော

ညီမလေး…………….

ခြေဆောင့် လက်ပုတ်

ဟန်ဆောင် ရန်လုပ်

စိတ်ကောက် ဆူပူတတ်သော

ညီမလေး……………

ခွန်းတုံ့  မခံ

အော်ဟစ် ဆူပူ

သွန်သင် ကြိမ်းမောင်းတတ်သော

ညီမလေး…………….။

ဇင်အောင်       28/4/11

April 18, 2011

နယ်ကျွံခြင်း

Filed under: ကဗျာ — zinaung @ 4:43 pm

မမျှော်လင့်တဲ့ အချိုးကွေ့ 

နွယ်လာတဲ့ ကြိုးတစ်ပင်

တစ်ရစ်ရစ် ပတ်နှောင်

ရုန်းထွက်ရန် ခက်ခဲပေမယ့်

ရင်ခွင် ညိုးခြောက်ခြောက်မှာ

ချစ်သူလေး မလန်းဆန်းမှာ

စိုးထိတ်တဲ့ အတွက်

သံယောဇဉ် တံတိုင်းတစ်ဖက်

မျိုသိပ်ကာ ဘောင်ခတ်ခဲ့ပေမယ့်

တားမနိုင် ဆီးမရ

မေတ္တာ ရေလှိုင်း သွင်သွင်ကျိုးပေါက်တာမို့ 

စံပွယ်တွေ ပွင့်ပွင့်နေကြ

ဒီလို ဆုံဆည်းနေကျ ညချမ်းတွေမှာ

အိမ်မက်တစ်ခုကို

ရိုးသားစွာ မက်ခွင့်ပြုဖို့ 

စည်းမဟုတ်တဲ့ စည်းတစ်ခုကို

ကျုးလွန်ခဲ့ပါတယ်။

မျှော်လင့်စရာ အခွင့်အလမ်းနည်းပါးပေမယ့်

အားခဲရင် သေခဲတယ်လို့ မျှော်လင့်

ဘ၀ကြမ်းကြမ်း ခရီးရှည်ရှည်မှာ

တစ်ခုတည်းသော ခိုလှုံရာ

ရင်ဆိုင်ရာ တိုက်ပွဲတိုင်းမှာ

သူ့ အပြုံးက ဒိုင်းတစ်လက်

လက်ခုပ်သံ တစ်ချက်က

နှလုံးသွေးတွေကို ဆူပွက်စေပြီး

စိုးရိမ်တဲ့ အကြည့်တစ်ချက်က

သွေးချင်းချင်းနီပြီး ညွတ်နေသော

ဦးခေါင်းကို ပြန်မတ်စေသူ မင်းကို

ထာဝရ လက်တွဲဖေါ်အဖြစ် တွယ်တာခွင့်ရပါရစေ။

၈ နိုဝင်ဘာ ၂၀၁၀                  ဇင်အောင်

ပန်းတစ်ပွင့်

Filed under: ကဗျာ — zinaung @ 4:41 pm

ပျိုးဖို့  မရည်ရွယ်တဲ့ပန်းတစ်ပွင့်

အွန်လိုင်း မှာပေမယ့်

မရှင်သန်နိုင်ဘူးလား???

မော်ဒန်မဟုတ်ပါဘူး

အံသြလည်း မသင့်ကြပါနဲ့ 

အနည်ကျလာတဲ့ ရင်းနှီးမှု့ တွေက

မြစ်ဝ ကျွန်းပေါ်လို ကျယ်ပန့် ပေမယ့်

စပါးတွေ ပျိုးဖို့  မဟုတ်ပါဘူး

နှင်းဆီ တစ်ပွင့် အတွက်ပါ။

၈ နိုဝင်ဘာ ၂၀၁၀         ဇင်အောင်

သူသိပါစေ……

Filed under: ကဗျာ — zinaung @ 4:39 pm

တကယ်ဆို ဖန်တီးခဲ့တာမဟုတ်လို့ 

ဖျက်ဆီးဖို့ရာ မတတ်နိုင်သူပါ။

စိတ်အလိုကိုလိုက်လို့ 

စစ်မျက်နှာ ဖွင့်ချင်ပေမယ်

နှစ်ဦးနှစ်ဖက် အကျအဆုံးများမယ့်အရေးမို့ 

အလံဖြူစိုက်ပါတယ်။

ခေတ်အဆက်ဆက်က တားမြစ်ချက်တွေ

ချိုးဖေါက်ရဲပေမယ့်

ရေနောက်ရင် လရိပ် ပျောက်မှာမို့ 

လက်ဖြင့်တောင် မထိဝံ့ပဲ

ရေကြည်ထဲက လရိပ်ကို

ကြည့်နေယုံနဲ့  ကျေနပ်နေရတာ သူသိပါစေ………………

အောက်တိုဘာ ၂၀၁၀                        ဇင်အောင်

ချစ်ရသူ သို့ 

Filed under: ကဗျာ — zinaung @ 4:38 pm

ပန်းတွေကိုယ်စား မွေးဖွားလာသော

ချစ်ရသူ ရေ……..

နေခြည်ထွေးမှ လန်းမယ့်နေကြာအတွက်

နေခြည်တစ်ဝန်း ထွန်းလင်းချင်ပါရဲ့၊

လရောင်ဆမ်းမှ ၀င်းမယ့်ပဒုမ္မာဆို

လရောင်နုနု ဖြန်းပက်ချင်ပါတယ်။…….

ရေစီးသွင်သွင် စုန်ဆန်မျှောမယ့်ဗေဒါဖို့ လည်း

ချောင်းနဒီမှာ လှိုင်းကြက်ခွပ်စုံစေပြီး၊

မှုန်ရီနှင်းတွေကြားက တော်ဝင်သဇင်ပနံသင့်ရန်

ငွေနှင်းမှုန်တွေ အဖြစ်မောင်ဝင်စားပါ့မယ။်…….

သင်္ကြန်မိုးဖြန်းမှ ပင်လုံးဝေမယ့်ပိတောက်ဆို

တဖွဲဖွဲ မစဲမသဲတဲ့မိုး ကိုဖန်ဆင်းပြီး

ရဲရဲနီတဲ့ အလှသခင် နှင်းဆီတစ်ပွင့်ဆို

မောင်က အမုန်းခံ ဆူးခက်ဖြစ်ချင်ပါတယ်။………

တကယ်လို့ များ

မြေမှာခတဲ့ ခရေတစ်ပွင့်ဖြစ်ခဲ့ရင်လည်း

ကောက်ယူသီကုံး မွှေးယူပိုင်ဆိုင်ခွင့် မောင်ကြုံပါရစေ………

၁၁ ဒီဇင်ဘာ ၂၀၁၀                       ဇင်အောင်

အဝေးရောက် ငှက်

Filed under: ကဗျာ — zinaung @ 4:36 pm

နေလို့  မကောင်းဘူး

ဖျား နေတယ်………..

အိမ်မက်ဆိုးတွေ မက်တဲ့အခါ

လန့် လန့်  နိုးလာပြီး

နိုးလာတိုင်းလည်း ရေဆာတယ်….

ရေအေးလေးတွေ သောက်တဲ့အခါ

ချမ်းစိမ့်စိမ့် ဖြစ်လာပြီး

ကြက်သီးလေးလည်း ထွက်လာတယ်….

တပက် ပက် အသံနဲ့ 

ရေတစ်စက်စက်ကျနေတဲ့ ရေပိုက်ခေါင်း

တတက် တက် အသံနဲ့ 

တချက်ချက်ခုတ်မောင်းနေတဲ့ နာရီလက်တံ……….

ပြုစုပေးတတ်တဲ့ မိဘ ဆွေမျိုးတွေကို

လွမ်းတယ်……

သတင်းလာမေးတတ်တဲ့ မိတ်ဆွေတွေကို

သတိရမိတယ်…….

စိမ်းရွှင်ရွှင်သင်းနေတဲ့ အုတ်တိုက်နီနီ

အပြာဖျော့ ၀မ်းဆက်နဲ့ 

သံကုတင်ဘေး ဗီရိုထဲက

စပိုက်ဘူ့း ကိတ်မုန့် တွေဘယ်မှာလည်း……..

ထိုးဆေး မလိုတဲ့

ခပ်ပျော့ပျော့ ငှက်တဲ့

သောက်ဆေးကြောင့် ခါးလိုက်တဲ့ပါးစပ်

ရေကလွဲ ဘာမှမ၀င်ဘူး

နောက်ထပ် ဘယ်နှစ်ရက်လည်း

ကွီနိုင်ရယ် ရေဘူးရယ် တိတ်ဆိတ်ခြင်းရယ်က

အဝေးရောက် ငှက်ရဲ့ ခြေရာတွေပဲပေါ့………

ဇင်အောင်

Create a free website or blog at WordPress.com.